Chapter 66

3.4K 396 22
                                    

[Unicode]


လျင်မြန်စွာ ဖြတ်ပြေးသွားသော အညိုရောင် သဏ္ဍာန်အနောက်ကို အမည်းရောင်ရိပ်လေးက ထပ်ကြပ်မကွာ လိုက်သွားသည်။ တောနက်ထဲသို့ ဝင်စပြုသည့်အချိန်တွင်တော့ အနက်ရောင်ဝတ်လူသည် လက်မြှောက်လိုက်သော် အင်အားကြီးလှသည့် စွမ်းအားတခုက လက်ထဲမှနေ၍ ထွက်သွားပြီး တဖက်လူကို တိုက်ခိုက်လေ၏။ အညိုရောင်သဏ္ဍာန်လေးက မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ အနက်ရောင်ဝတ်လူက သူ့အား အကြောပိတ်ရန် ကြိုးစားသည်ကို တွေ့ရှိလိုက်သော် အညိုရောင်သဏ္ဍာန်သည် မြေကြီးပေါ်တွင် လဲကျနေရာမှ လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။ အဖြူရောင်အလင်းတန်းသည် ထိုလက်ဝါးမှ ထွက်လာပြီး အနက်ရောင်ဝတ်လူမှာ အလျင်အမြန်ပင် ရှောင်လိုက်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လေတော့၏။

"လင်ချင်း"

အညိုရောင်သဏ္ဍာန်မှာ အံတင်းတင်းကြိတ်ပြီး လက်ဝါးဖြင့် ထပ်ရိုက်ပြန်သည်။ အနက်ရောင်ဝတ်လူ၏ မျက်နှာမှာ ရေခဲစိုင်ကြီးကဲ့သို့ အေးစက်လာပြီး သည်းညည်းမခံနိုင်တော့သည့်အဆုံး လက်ဝါးဖြင့်ပင် ပြန်လည်တိုက်ခိုက်လေသည်။ အဆိုပါ တောနက်ကြီးထဲတွင် ထိုလူနှစ်ယောက်သည် ဒါဇင်ကျော်သည့် သိုင်းကွက်များဖြင့် အပြန်အလှန် တိုက်ခိုက်လျက်ရှိနေကြ၏။

နှစ်ဦးသားမှာ ပုံပန်းသွင်ပြင်နှင့် အသက် တူညီကြဟန်ရှိလေသည်။ သို့သော်လည်း အရည်အချင်းမှာတော့ အနည်းငယ်မျှ ကွာခြားသည်။ အနက်ရောင်ဝတ်လူမှာ သိုင်းပညာပိုတော်ပြီး လင်ချင်းမှာတော့ ယခုလေးတွင်ပင် ခြေချင်းဝတ် ထိခိုက်သွားလေပြီဖြစ်သည်။ ထို့ကြောင့် ဆက်လက်လှုပ်ရှားရန် မစွမ်းသာတော့ပါဘဲ အနက်ဝတ်လူ၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။

"မင်းက တော်တော် သတ္တိရှိနေပါလား။ အရှင်သခင်ကိုတောင် သစ္စာဖောက်တော့မလို့ပေါ့လေ" အနက်ရောင်ဝတ်လူက ခါးသက်သက်ဖြင့် မေးလေသည်။

"မဟုတ်ဘူး" လင်ချင်း ပြန်အော်လိုက်သည်။

"အရှင်သခင်ကို သစ္စာဖောက်တာမဟုတ်ဘူး"

"ဒါဆို ဘာလို့ ကောင်းကင်ဘုံတံခါးကနေ ထွက်ပြေးဖို့ လုပ်နေလဲ။ အရှင်သခင်က နာမည်ကို တာဝန်စာရင်းကနေ မဖျက်လိုက်သရွေ့ ဘယ်သူကမှ ကောင်းကင်ဘုံတံခါးကနေ ထွက်သွားလို့မရဘူး။ မဟုတ်ရင် ဘာလဲ မင်းက သေဖို့ကြိုးစားနေတာလား။ အရှင်သခင်ကို အဆုံးစွန်ဆုံးအထိ ခစားရမယ်။ ပြီးတော့ ငါတို့က အရှင်သခင်ရဲ့ သက်တော်စောင့်တွေ။ ငါတို့တွေက ပေထန်အရှင်သခင်အရှေ့မှာ ကျိန်ဆိုခဲ့ကြပြီးသား"

Broken BondsWhere stories live. Discover now