Chapter 35

2.7K 372 9
                                    

[Unicode]

လေပြင်းတပွေ တိုက်ခတ်သွားခြင်းနှင့်အတူ ပေထန်အရှင်သခင်မှာလည်း နေရာမှ ပျောက်ကွယ်သွားတော့၏။ မြေပြင်ပေါ်တွင်တော့ တစစီကြဲပြန့်နေသော ရေနွေးခွက်၊ ပူနွေးနေသည့် ရေနွေးစီးကြောင်းတို့က ရှိနေဆဲ။

အခန်းထဲရှိ လူများမှ ဘာမှတောင် မတုံ့ပြန်နိုင်လိုက်သေးခင်မှာပင် နောက်ထပ် လေတပွေက တိုက်ခတ်သွားပြီးနောက် အနောက်ရပ်တံခါးသခင် ရှီးမန်ယွဲ့မှာလည်း ထပ်မံ ပျောက်ကွယ်သွားပြန်၏။ တုရှန်းအပါအဝင် အခန်းထဲရှိ လူများမှာ အနောက်ရပ်တံခါးသခင်သည် အလျင်စလိုရောက်ချလာသည်ကို ကြားသိပြီးသား ဖြစ်လေရာ နွေခေါင်ခေါင်မှာပင် ကြက်သီးထကြရလေတော့သည်။

"လူတွေကော..." ပေထန်အောက်၏ အသံသည် အေးစက်ကာ အထက်စီးဆန်လွန်းလှပါ၏။

လင်ချင်းသည် အဆိပ်မိထားပြီး လက်ဝါးတချက်တည်းနှင့်ပင် အဆုတ်ထဲထိအောင် ပျံ့သွားခြင်းဖြစ်သည်။ သမားတော်ချိုးသည် သူ့အား ကူညီကာ အဆိပ်ဖြေပေးနေပြီး ဒဏ်ရာများကို ကုသပေးနေသည်။ လင်ချင်းသည် ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော်လည်း နိုးနိုးကြားကြားတော့ရှိနေသေးသည်။

လင်ချင်းမှာ ကျင့်ဝတ်ထုံးတမ်းများကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်စလိုဖြင့်ပင် ဂိုဏ်းအရှင်ထံ စကားပြတ်တောင်းပြတ်တောင်းဖြင့် သတင်းပို့လေသည်။ သူသည် မက်မွန်ပွင့်အစာသွပ်မုန့် ဝယ်ခဲ့သည့်အကြောင်း၊ ပြန်ထွက်လာတော့ ယန်ဖေးလီကို မတွေ့တော့သည့်အကြောင်းကို ပြန်ပြောလေသည်။ တခုခုဖြစ်ပွားခဲ့သည့် ခြေရာလက်ရာတွေ့ပြီးနောက် လမ်းကြားလေးတခုထဲအထိ ခြေရာခံလိုက်သွားခဲ့သည်။ လမ်းကြားထဲ ရောက်ပြီးပြီးချင်းမှာပင် အပြာရောင်မီးခိုးလုံးက ထွက်လာသောကြောင့် အသက်ရှူအောင့်ခဲ့သည်။ သို့သော်လည်း အဆိပ်ငွေ့မှာ အားပြင်းလှကာ တခဏချင်းအတွင်းမှာပင် ခန္ဓာကိုယ်နေရာအနှံ့သို့ စိမ့်ဝင်ထိုးဖောက်လာတော့သည်။

တခဏကြာတော့ အနက်ရောင်ဝတ်လူတယောက်က တနေရာမှ ပြေးထွက်လာပြီး သူ့အား တိုက်ခိုက်သည်။ ထိုလူသည် သူ့ပြိုင်ဘက်မဖြစ်နိုင်ပါ။ သို့သော်လည်း အဆိပ်ငွေ့က သူ့တကိုယ်လုံးထဲ ပျံ့နှံ့နေသောကြောင့် အမြင်အာရုံမှာ အမှောင်ကျသွားပြီး ဆက်မတိုက်ခိုက်နိုင်တော့ပေ။

Broken BondsWhere stories live. Discover now