Chapter 42

2.8K 367 12
                                    

[Unicode]

"လင်ချင်း..."

သူ့အရှေ့တွင် ပေါ်လာသည့်လူကို ကြည့်ရင်း ယန်ဖေးလီမှာ လန့်သွားပြီး ပင့်သက်ရှိုက်မိလိုက်တော့သည်။ သို့သော်လည်း သင်္ကာမကင်းသည့်စိတ်မှာ ချက်ချင်းပေါ်လာရသည်။

"လင်ချင်းမဟုတ်ဘူး... မင်း ဘယ်သူလဲ"

ထိုလူသည် လင်ချင်းနှင့် တူသည်ဆိုသော်ငြား ခံစားချက်မှာကတော့ လုံးလုံးကွဲပြားနေ၏။ အနက်ရောင်ဝတ်စုံအောက်တွင် ခက်ထန်သည့် ဘာကိုမှဂရုမစိုက်ဟန်နှင့် တည်ငြိမ်ဟန်ပန်၊ ရက်စက်သည့် ပုံစံ၊ အေးတိအေးစက်နှင့် ချောမောသည့် မျက်နှာလေး ရှိနေသည်။

ယန်ဖေးလီသည် လင်ချင်းနှင့်အတူ နှစ်ဝက်လောက်အထိ ရှိနေခဲ့ဖူးသည်။ ထိုကောင်လေးသည် မရိုးရှင်းဘူးဟု ခံစားရသော်လည်း အကောင်းမြင်တတ်သူဖြစ်ပြီး ရိုးသားပွင့်လင်းကြောင်း သူ သိသည်။ တခါတရံတွင်လည်း ဉာဏ်ထက်သေးသည်။ ဘယ်လောက်ပဲ ဖုံးကွယ်ဟန်ဆောင်ထားပါစေ လင်ချင်း၏ ပင်ကိုယ်စရိုက်သည် သူ့အရှေ့ကလူနှင့် အင်မတန်ကိုမှ ကွာခြားလွန်းလှပါ၏။

အရှေ့မှလူသည် ရန်စွယ်ငေါငေါ၊ လက်သည်းတပြင်ပြင် ပျံသန်းနေဟန် နဂါးပုံပါသည့် ငွေရောင် တံဆိပ်တုံးကို ထုတ်လိုက်သည်။ ထိုတံဆိပ်သည် ကောင်းကင်ဘုံတံခါးဂိုဏ်းအရှင်လေးပါး၏ အမြင့်ဆုံးသော သင်္ကေတဖြစ်သည်။

ရွှေရောင်သည် အရှေ့အရပ်တံခါးဂိုဏ်းအရှင်သခင် တုံးဖန်းရှီး၊ အပြာရောင်သည် တောင်အရပ်တံခါးဂိုဏ်းအရှင်သခင် နန်ကုံးယန်၊ ရဲရဲနီသည့် အနီရောင်သည် အနောက်အရပ်တံခါးအရှင်သခင် ရှီးမန်ယွဲ့၊ ငွေရောင်သည် မြောက်အရပ်တံခါးအရှင်သခင် ပေထန်အောက် အသီးသီးကို ကိုယ်စားပြုသည်။

"ဒီငယ်သားက လင်ကျူး ပါ။ စစ်သူကြီးယန်ကို ဒီကနေ ခေါ်ထုတ်သွားဖို့ ဂိုဏ်းအရှင်က အမိန့်ပေးထားပါတယ်"

"ဂိုဏ်းအရှင်ကကော ဘယ်မှာလဲ" ယန်ဖေးလီမေးလိုက်သည်။

"ဂိုဏ်းအရှင်မှာ အစီအစဉ်ရှိပါတယ်" လင်ကျူးသည် များများစားစားမပြောတော့ဘဲ တဖက်သို့ လှည့်သွားသည်။

Broken BondsWhere stories live. Discover now