Chapters 46 + 47 + 48 + 49 [Unicode]

3.4K 384 3
                                    

[Unicode]

ယန်ဖေးလီသည် စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ဖူးသူ ဖြစ်သောကြောင့် သေရေးရှင်ရေးကဲ့သို့သော အခြေအနေမျိုးတွင်မှာပင် နိုးနိုးကြားကြားရှိနေသည့် အလေ့အကျင့်ကလေး သူ့တွင် ရှိနေပါသည်။ သူသည် မောပန်းနေသော်လည်း အလျင်အမြန်ပင် နိုးလာသည်။ တကိုယ်လုံးမှာ သည်းမခံနိုင်လောက်အောင် နာကျင်ကိုက်ခဲနေပြီး အဆစ်အမြစ်များမှာလည်း ဒူလာရောဂါ စွဲကပ်နေသကဲ့သို့ တောင့်တင်းနေလေသည်။

စမ်းချောင်းထဲတွင် ပုံမှန်မဟုတ်သည့် ရေသံကြားလိုက်သော် သူသည် ခက်ခက်ခဲခဲ ထထိုင်ပြီး အသံလားရာဆီသို့ သွားလိုက်သည်။

နေ့လယ်ခင်း နေရောင်မှာလည်း ကြည်လင်နေသည့် ရေမျက်နှာပြင်ပေါ် တံလျှုပ်ကဲ့သို့ တောက်ပဖြာကျနေသည်။ ဖြူဖွေးသွယ်လျသည့် ပုံရိပ်လေးသည် ငါးကြင်းတကောင် ရေပြင်ကို အမြီးဖြင့် ရိုက်ကာ လေပေါ် လှလှပပ ခုန်ဝဲတက်လာပြီး ကော့ဖြာနေသကဲ့သို့ ဝန်းကျင်တွင် ပုံဆောင်နေသည်။

ယန်ဖေးလီသည် မသိလိုက်ဘာသာဖြင့် နဖူးကို လက်ဖြင့် ကာလိုက်ပြီး မျက်စိရှေ့ရှိ လှပသည့် မြင်ကွင်းကို ကြည့်လိုက်သည်။ သူသည် နတ်ဘုရားများနေထိုင်သော မှော်ဆန်သည့် နယ်မြေသို့ မတော်တဆများ ရောက်သွားလေသည့်အလား တဒင်္ဂမျှ ယုံမှားသံသယ ဖြစ်သွားလင့်ကစား။

ရေအောက်ထဲသို့ ငုံ့လျှိုးသွားသော အကြင်သူသည် အတန်ငယ်ကြာပြီးနောက် ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာသည်။ ပျော့ပြောင်းသည့် ဆံစများကို ဝဲခါလိုက်သည့်အခါ ရေစက်လေးများက တွဲလွဲခိုလျက်။

"ဖေးလီ နိုးပြီလား"

ကောင်းကင်ပေါ်ရှိ လမင်းကြီးနှင့်တောင် ယှဉ်ပြိုင်နိုင်သည့် အကြင်သူ၏ အပြုံးသည် နေရောင်အောက်တွင် ပိုတိုးလို့ပင် ရွှန်းစိုထည်ဝါနေလေသည်။ ရေပေါ်တွင် ထက်ဝက်ခန့်ပေါ်နေသည့် ပေထန်အောက်၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ယန်ဖေးလီ ကြည့်လိုက်မိသည်။ ကြွက်သားအမြောင်းမြောင်းများမှာ အားမာန်ခွန်အားအပြည့်ဖြင့် တင့်တယ်လှသည်။ အနာမကျက်သေးသည့် ကြာပွတ်ရာများကတော့ မြင်သူတိုင်းကို အမြင်ရိုင်းစေလိမ့်ပေမည်။

Broken BondsWhere stories live. Discover now