Chapter 53

2.5K 318 24
                                    

[Unicode]

ဖောက်ခနဲအသံနှင့်အတူ အရုပ်ဆက်ကစားစရာလေး၏ သော့မှာ ပြေသွားပြီး အစိတ်အပိုင်းများသည် အိပ်ရာပေါ်သို့ ပြုတ်ကျလာခဲ့သည်။ ကစားစရာလေး၏ မျက်နှာပြင်ကိုသာ ကလေးငယ်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

"လီအာလေးက ဉာဏ်ကောင်းလိုက်တာ"

ပေထန်အောက်သည် ကလေးငယ်အား ပွေ့ဖက်နမ်းလိုက်သည်။ ကလေးငယ်သည် အနမ်းခံရသည်ကို နှစ်သက်လင့်ကစား တခစ်ခစ်ရယ်မောလာပြီး မျက်လုံးလေးမှာလည်း ညွတ်ကျသွားသည်။

ပတ်ဝန်းကျင်ရှိ အရာများကို ဝေဝါးသွားအောင် ပြုလုပ်ပေးသည့်အရာတခု သူ့မျက်လုံးထဲ ဝင်နေပုံရမည်။ ယန်ဖေးလီသည် မျက်လုံးကျယ်ကျယ်ဖွင့်ပြီး သေချာရှင်းရှင်းလင်းလင်းမြင်အောင် ကြိုးစားလိုက်ပါသော်လည်း ဘာတခုကိုမှ မမြင်ရတော့ပါ။

ပေထန်အောက်သည် ကလေးငယ်အား ချီပိုးကာ သူ့ဆီသို့ လျှောက်လာခဲ့ပြီး ပြုံးရယ်ကာ ပြောလေသည်။

"ဖေးလီ... တွေ့လား သူ ဘယ်လောက်ဉာဏ်ထက်လိုက်သလဲ"

ယန်ဖေးလီသည် ဘာတခွန်းမှ ခွန်းတုံ့မပြန်နိုင်တော့ဘဲ ကလေးငယ်ကိုသာ အားတက်သရော ကြည့်နေမိသည်။ ပေထန်အောက်သည် သက်ပြင်းချကာ ညင်သာစွာ ပြောလေသည်။

"မင်းက လူကြီးပဲလေကွာ။ ကလေးရှေ့မှာ ဒီလိုဖြစ်နေလို့ မရဘူးလေ"

"ပေးပါဦး... ချီလှည့်ပါရစေဦး" ယန်ဖေးလီသည် ဘာကိုမှ သတိမမူမိတော့ဘဲ လက်ဆန့်ထုတ်လိုက်သည်။

ကလေးငယ်သည် သူ့အား မွေးပေးခဲ့သောသူကို မမှတ်မိသောကြောင့် ယန်ဖေးလီ ချီသည်ကို မခံပါချေ။ သူသည် ယန်ဖေးလီကို စိတ်ဝင်တစား ကြည့်နေပြီးနောက် ပေထန်အောက်ဘက်သို့ ပြန်လှည့်သွားသည်။

"လီအာ... တျဲတျဲရဲ့ လီအာလေး..."

ယန်ဖေးလီသည် ကလေးငယ်၏ နူးညံ့လှသည့် ပါးပြင်လေးကို ညင်ညင်သာသာ ထိတွေ့လိုက်သည်။ ကလေးငယ်လေးသည် လက်ထဲမှ ကစားစရာအား ပေထန်အောက်ကို မြှောက်ပြနေသည်။

ယန်ဖေးလီတယောက် ငိုလိုက်ရယ်လိုက်ဖြစ်နေသည်ကို ကြည့်ရင်း ပေထန်အောက်မှာ ဘာပြောလို့ပြောရမည်မှန်း မသိအောင် စိတ်မကောင်းဖြစ်နေသည်။ ယန်ဖေးလီ ထိုသို့ ငိုကြွေးနေသည်ကို နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သူ တခါမှမမြင်ဖူးခဲ့။ သူသည် ယန်ဖေးလီ၏ မျက်ရည်များကို သုတ်ပေးချင်ခဲ့သော်လည်း တခုခုက မှားယွင်းနေသည်ကို ခံစားခဲ့ရပြီး နေရာတွင်ပင်ရပ်နေခဲ့ရသည်။

Broken BondsWhere stories live. Discover now