Chapter 96

2.8K 318 14
                                    

[Unicode]

ထိုနေ့က ဆေးဝယ်ရန်ဆိုကာ ချိုးယဲ့ယွမ်တစ်ယောက် မြို့ထဲသို့ထွက်လာခဲ့သည်။

တပါးသူက ကိုယ်စားလုပ်ပေးသည်ကို စိတ်တိုင်းမကျလွန်းသောကြောင့် သူကိုယ်တိုင်ပင် မြို့ထဲသွားကာ ဆေးဝယ်လေ့ရှိသည်။ လွန်ခဲ့သည့် လဝက်၊ ရှီးမန်ယွဲ့ ဂိုဏ်းသို့ ပြန်မသွားခင်က ချိုးယဲ့ယွမ် မြို့ထဲသို့သွားတိုင်း အဖော်လိုက်သွားပေးလေ့ရှိသည်။

သို့သော်ငြား ယခုတခေါက်တွင်တော့ ချိုးယဲ့ယွမ်မှာ အစောင့်နှစ်ယောက်နှင့်သာ နှစ်ပါးသွားရလေတော့သည်။

ချိုးယဲ့ယွမ် ညနေဘက်တွင် ပြန်ရောက်လာတော့ ယန်ဖေးလီမှာ အတွင်းဘက်ခြံဝင်းထဲရှိ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်။ သူ ပြန်လာသည်ကို အဝေးကနေ လှမ်းမြင်တော့ ရေးကြီးသုတ်ပျာဖြင့် လက်ယပ်ခေါ်လေသည်။

"စစ်သူကြီးယန်"

"သမားတော်ချိုး... ဆေးဖော်ဖို့ ပါဝင်ပစ္စည်းတွေ ရခဲ့ရဲ့လား။"

"ဟုတ်ကဲ့... ရခဲ့ပါတယ်"

ယန်ဖေးလီ ခေါင်းညိတ်လိုက်ပြီးနောက် ချိုးယဲ့ယွမ်၏ တုံဏှိဘာဝေဖြစ်နေသည့်ပုံစံကို ကြည့်ရင်း မေးမြန်းလိုက်သည်။

"ဘာဖြစ်ခဲ့လို့လဲ"

"ဟင့်အင်း... ဘာမှမဖြစ်ခဲ့ပါဘူး"

ယန်ဖေးလီမှာ သင်္ကာမကင်းဖြစ်သွားရတော့သည်။ ဤကာလတလျှောက်လုံး မူမမှန်ပေ။ ပေထန်အောက်သည် သုံးရက်တိုင်အောင် ပြန်မလာသော်လည်း နန်းတွင်းထဲမှ အရေးအရာကိစ္စများကိုတော့ သူ့ဆီ စာပို့ကာ ပြောပြလေ့ရှိသည်။

မည်သို့ပင်ဆိုစေ အတွင်းခြံဝင်းထဲရှိ လူများဆီမှ အကြောက်တရားကို သူ သတိပြုမိသည်။ အစောင့်အကြပ်တွေကလည်း တိုးလို့ ချထားသေးသည်မဟုတ်ပါလား။ တခုခုဖြစ်ပွားနေမည်ကိုသာ သူ စိုးရိမ်ကြောင့်ကြနေခဲ့ခြင်းပင်။ သူ့ကိုယ်သူလည်း နှစ်သိမ့်ပေးနေသော်လည်း သူကိုယ်တိုင်က စိုးထိတ်လို့နေလေသည်။

ယန်ဖေးလီသည် ချိုးယဲ့ယွမ်အား စကားစမြည်ပြောဆိုနေသော်လည်း ချိုးယဲ့ယွမ်မှာ အာရုံမရ၊ အမေးတခြား အဖြေတခြားသာ ဖြစ်နေလေတော့သည်။

Broken BondsWhere stories live. Discover now