Chapter 101

2.5K 329 13
                                    

[Unicode]

ယန်ဖေးလီသည် ဆေးပုလင်းအား ထုတ်လိုက်ပြီး ဆေးနောက်တလုံး သောက်ကာ အတွင်းအားများကို ဖြည်းဖြည်းချင်း လှည့်ပတ်နေလိုက်သည်။ ကြည့်ရသည်က သူ ကိုင်တွယ်နိုင်သည့် အခြေအနေသို့ ပြန်ရောက်နေလေပြီ။ ပြီးနောက် ပေထန်ယောင့်ရိလေးလက်ကို ဆွဲပြီး ပြင်ပရှိ အသံဗလံများအား သေသေချာချာ နားစွင့်လိုက်သည်။

တိုက်ခိုက်သံများမှာ တဖြည်းဖြည်း နီးကပ်လာပြီးနောက် ရုတ်တရက် လူတယောက်က တံခါးကို ဖွင့်လိုက်ပြီး အော်လေသည်။

"သူတို့ကို အပြင်ထုတ်လိုက်"

ထိုလူမှာ အန်းမင်ဖြစ်သည်။

အနက်ရောင်ဝတ်ထားသည့် လူတချို့ရောက်လာပြီး ပေထန်ယောင့်ရိလေးအား ဆွဲထုတ်ရန်လုပ်လေသည်။ ယန်ဖေးလီသည် ထိုလူများအား ကာလိုက်ပြီး ပေထန်ယောင့်ရိလေးအား ရင်ခွင်ထဲ ပွေ့ပိုက်ထားလိုက်သည်။ ထိုလူများမှာ ယန်ဖေးလီ၏ ထူးဆန်းနေသည့် ပုံပန်းသဏ္ဍာန်ကို တွေ့သော်လည်း များများစားစားတွေးမနေဘဲ နှစ်ယောက်လုံးကို တွန်းထုတ်လိုက်၏။

အမှောင်ကျနေသော အခန်းထဲမှ ထွက်လာကြပြီးနောက် အဝေးနေရာတွင် မီးခိုးလုံးကြီးထနေသည်ကို မြင်လိက်ရသည်။ မီးတောက်ရော အော်သံများရော ရောယှက်နေကြ၏။ အခြေအနေမှာ လုံးဝကို ရှုပ်ထွေးနေလေသည်။

"ဘယ်ကိုကြည့်နေတာလဲ... သွားကြစမ်း"

အနက်ရောင်ဝတ်လူတယောက်က သူ့အား ရှေ့သို့ တွန်းထုတ်လိုက်သည်။

ထိုသည်မှာ ဘုရားကျောင်းဖြစ်ကြောင်း ယန်ဖေးလီ တွေ့ခဲ့လိုက်ရပြီးပြီဖြစ်သည်။ မီးလောင်နေသည့်နေရာမှာ ဘုရားကျောင်းရင်ပြင်ပင် ဖြစ်ရမည်။ မီးမှာ ဆိုးဆိုးဝါးဝါး လောင်ကျွမ်းနေပြီး လေကလည်း မီးလောင်ရာ ထပ်ပင့်နေပြန်သည်။ မီးလုံးကြီးမှာ နောက်နာရီဝက်အတွင်းတွင် ဘုရားကျောင်းဆောင်တဆောင်လုံးကို ဝါးမျိုသွားမလားတောင် စိုးရိမ်ရသည်။

ထိုလူများက ယန်ဖေးလီနှင့် ပေထန်ယောင့်ရိလေးအား အနောက်ဘက်ခြံဝင်းဆီသို့ စောင့်ကြပ်ခေါ်ဆောင်သွားကြသည်။ မီးဘေးမှ လွတ်မြောက်လာကြသော ဘုန်းကြီးများသည်လည်း တရှိန်ထိုး ပြေးထွက်လာကြသည်။ ယန်ဖေးလီသည် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ နံဘေးရှိလူ၏ ဓားရှည်ကို ဆွဲလုပြီး ပေထန်ယောင့်ရိလေးအား သူ့နောက်သို့ ပို့လိုက်သည်။

Broken BondsWhere stories live. Discover now