03[Unicode]

3.3K 423 11
                                    

[Unicode]

အနောက်ခန်းထဲသို့ ဝင်သွားပြီးသည့်နောက် ဟွားရှန်းယန့်မှာ ယန်ဖေးလီ၏ နှင်းများစိုစွတ်နေသည့် အပေါ်လေကာအင်္ကျီအား ချွတ်ပေးလိုက်သည်။ ထိုအခါတွင်မှ ဟွားရှန်းယန့်သည် ယန်ဖေးလီ၏ ပုံပန်းသွင်ပြင်အား သတိမူမိလေတော့သည်။

"ဟွား... စစ်သူကြီးဟွား... ချိုး... သမားတော်ချိုးကို သွားရှာပေးပါ..."

ယန်ဖေးလီသည် အသက်ခက်ခက်ခဲခဲလုရှူကာ ဟွားရှန်းယန့်၏ လက်အား ဖမ်းဆုပ်လိုက်သည်။

ဝမ်းဗိုက်အတွင်းမှ တွန်းကန်ချက်နှင့်အတူ ယန်ဖေးလီမှာ ကူကယ်ရာမဲ့စွာဖြင့် ကိုင်ဆုပ်ထားသည့်လက်အား အားဖြင့်ညှစ်မိလေသည်။

ဟွားရှန်းယန့်မှာ နာသွားရလေ၏။

"စစ်သူကြီးယန်... ဘာဖြစ်နေတာလဲ အခု"

"မြန်မြန်... သွား..."

ယန်ဖေးလီမှာ ဂရုစိုက်မအားတော့ပါ။ သူ၏ ဝမ်းဗိုက်ထဲရှိ ရုန်းထွက်နေသည့်အရာမှာ ပို၍ပင် တိုးထွက်လာနေတော့သည်။

"ပြော... ပြောလိုက်... ရေမြွှာပေါက်သွားပြီလို့..."

ယန်ဖေးလီမှာ နာကျင်မှုကြောင့် အိပ်ရာပေါ်သို့ တဖန် ပြန်လဲကျသွားသည်။

တအောင့်မျှကြာပြီးနောက် ဟွားရှန်းယန့်သည် မျက်နှာဖြူဖတ်ဖြူရော်ဖြင့် သုတ်တီးသုတ်ပျာ ထွက်သွားကာ ချိုးယဲ့ယွမ်နှင့်အတူ ပြန်ဝင်လာသည်။ ထိုအချိန်မှာပင် ယန်ဖေးလီမှာ နာကျင်မှုကြောင့် အိပ်ရာပေါ်တွင် လူးလှိမ့်နေပြီပင်ဖြစ်သည်။

ချိုးယဲ့ယွမ်သည် ပထမ၌ အင်တင်တင်ကြည့်လိုက်ပြီးနောက် ဘာတခွန်းမျှ မပြောတော့ဘဲ ထရပ်လိုက်သည်။

"မြန်မြန်လေး... သူ့ အောက်ပိုင်းကိုကိုင်ဖို့ ကူပေး"

ချိုးယဲ့ယွမ်သည် ဗြုန်းစားဆိုသလို စိတ်နှင့်ကိုယ်မကပ်နေသော ဟွားရှန်းယန့်အား အမိန့်ပေးလိုက်သည်။

"ဘာ... ဘာလုပ်မလို့လဲ"

ဟွားရှန်းယန့်မှာ ချိုးယဲ့ယွမ်ကိုင်ထားသည့် ကတ်ကြေးအား မျက်လုံးအပြူးသားဖြင့် ကြည့်ကာ မေးလိုက်သည်။

Broken BondsWhere stories live. Discover now