Chapter 58

2.3K 308 1
                                    

[Unicode]

ယန်ဖေးလီသည် ထိုသို့ လွယ်လွယ်ကူကူ သဘောတူခဲ့လိမ့်မည်ဟု ပေထန်အောက် မမျှော်လင့်ခဲ့ပါ။ အနည်းငယ်တော့ အံ့အားသင့်သွားမိ၏။ သူ လှမ်းကြည့်မိသော် ယန်ဖေးလီ၏ မျက်ဝန်းများနှင့် အမှတ်မဲ့ ဆုံမိလေသည်။

နက်မှောင်ကာ တောက်ပခဲ့သော ထို မျက်ဝန်းများသည် ယခုတွင်တော့ တိတ်ဆိတ်မှုအကြား စိုးရိမ်ဖွယ်ကောင်းလောက်အောင် ကူကယ်ရာမဲ့စွာဖြင့် ရေသေအိုင်ကဲ့သို့ မှိန်ဖျော့ကာ လေးပင်လျက်ရှိနေသည်။

ပေထန်အောက်၏ ရင်ထဲဝယ် တင်းကျပ်သွားခဲ့ရ၏။ သူသည် ယန်ဖေးလီ၏ ဘေးနားသို့ လျှောက်လာခဲ့လိုက်သည်။

"ဖေးလီ..."

နာမည်ခေါ်လိုက်သော်လည်း သူ ဘာပြောရမှန်း မသိ။

ပေထန်အောက်သည် ယန်ဖေးလီ၏ လက်ကို ဆွဲယူကာ လက်ဖဝါးရှိ အသားမာများကို လက်ချောင်းထိပ်ကလေးဖြင့် ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ဖေးလီ... ကိုယ်တောင်းပန်ပါတယ်"

ယန်ဖေးလီသည် ခေါင်းခါယမ်းလိုက်ရင်း...

"တောင်းပန်ဖို့ မလိုပါဘူး။ အရှင်လည်း လီအာ့ကို ခေါ်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့မှန်း သိပါတယ်။ ပြီးတော့လည်း ဒါက လီအာလေး ကောင်းဖို့အတွက်ပါပဲ"

ပေထန်အောက်သည် နားထောင်နေရင်း သက်ပြင်းချလိုက်၏။

"ဘာတွေဖြစ်နေမှန်း ကိုယ်မသိတော့ဘူး။ ကိုယ့် ဆုံးဖြတ်ချက်တွေက မှန်တယ်လို့ အမြဲထင်ခဲ့တာ။ ဒါပေမဲ့ မင်းကိုတွေ့တော့မှ တခုခုကမှားယွင်းနေတယ်လို့ ခံစားနေရပြီ"

"အရှင် မမှားပါဘူး။ ဒါကသာ အကောင်းဆုံးနည်းလမ်းပါပဲ" ယန်ဖေးလီသည် ပြုံးရယ်ကာ ပြောလိုက်သည်။

နှစ်ဦးသားမှာ အတန်ကြာသည်အထိ တိတ်ဆိတ်ကာ အကြည့်ချင်းသာ ဖလှယ်နေကြသည်။ နှလုံးသားကတော့ လေးလံနေလျက်။

အဆုံးတွင်တော့ ပေထန်အောက်ကသာ စကားစလိုက်သည်။

"ဒီရက်ပိုင်းအတွင်းတော့ လီအာနဲ့ အတူနေလိုက်ပါဦး။ နှစ်ရက်အတွင်း ကောင်းမယ်ထင်ရတဲ့ ရက်ကို ရွေးထားလိုက်။ ကိုယ် လီအာ့မွေးနေ့အခမ်းအနား လုပ်ပေးမယ်။ လီအာ ရှန်မိန်ခြံဝင်း ရောက်သွားရင်လည်း ချွေ့နွီပါ လိုက်လာမှာ။ ဒီမှာ အလုပ်အကျွေးပြုမယ့်လူတယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။ ကိုယ်နဲ့အတူ လိုက်လာပြီး ကြိုက်တဲ့လူကို လိုက်ရွေးလိုက်။ ဝါးရုံဥယျာဉ်ဆီ လွှတ်ပေးမယ်"

Broken BondsWhere stories live. Discover now