Chapter-99

3.7K 581 3
                                    

Unicode

အခန်း (၉၉) - နှစ်သစ်ကူးမှာ ဒေါ်လေးဆီ သွားနှုတ်ဆက်မယ်
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)

"ကိစ္စမရှိပါဘူး။" တတိယမောင်လေးက အပြုံးဖြင့် သူမလက်ထဲ ယုန်ကို ထည့်ပေးလိုက်သည်။ "အစ်မ၊ ဒါက နင့်အတွက်ပဲ၊ ငါ အခု ပြန်တော့မယ်။"

"ဘာကို ငါ့အတွက်လဲ။ နင်ဖာသာနင် ပြန်ယူသွားပြီး အိမ်မှာ စားလိုက်ချေ။" လင်းချင်းဟယ်က သူ့ဆီသို့ ယုန်ကောင်ကို အမြန်ထိုးပေးရင်း စကားဆိုသည်။

"အစ်မ၊ ငါ နင့်အတွက် ဒါကို ယူခဲ့တာ။ ဒီနှစ် အစ်မပေးခဲ့တဲ့ အသား‌ကြောင့် ငါ့မိန်းမ မီးတွင်းကာလကို သက်တောင့်သက်တာ ကျော်ဖြတ်နိုင်ခဲ့တယ်။" တတိယမောင်လေးလင်းက ရှင်းပြသည်။

"နင့် ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။" လင်းချင်းဟယ်က ထိုသို့ ပြောပြီးနောက် ဆက်ပြောသည်။ "အိမ်ထဲကို အရင်ဝင်လာခဲ့။"

ကျိုးချင်းပိုင်သည် ကလေးတွေနဲ့ အဖေကျိုးတို့ဆီ အိမ်လည်သွားနေခဲ့တာကြောင့် သူတို့တွေဟာ အိမ်မှာ မရှိကြပေ။ အိမ်မှာ သူမနဲ့ ဖေ့ယင်းတို့သာ ရှိသည်။

ဖေ့ယင်းသည် တတိယမောင်လေးလင်းကို တစ်ချက် ကြည့်လိုက်သည်။ လင်းချင်းဟယ်က သူ့ကို အိမ်ထဲ ဖိတ်ခေါ်ခဲ့တာ ဖြစ်သည့်အတွက် တတိယမောင်လေးလင်းကို ရန်လိုခြင်း မရှိခဲ့ပါဘူး။

"အခု နင် ဒီမှာထိုင်ဦး။" လင်းချင်းဟယ်က ဖန်ခွက်ရှည်ထဲသို့ ဂျင်းနဲ့ တရုတ်ဆီးသီးနီ ရေနွေးကြမ်းကို လောင်းထည့်ရင်း အမိန့်ပေးသည်။

ဒါကို အိမ်မှာ အရံသင့် ပြုလုပ်ထားပြီး သောက်သုံးခဲ့ကြကာ အကျိုးအာနိသင်က အတော်လေး ထိရောက်သည်။ တတိယမောင်လေးလင်းက ဒါကို သောက်ပြီးတာနဲ့ သူ့ခန္ဓာကိုယ်က နွေးထွေးသွားသည်။

"ဒီလိုအေးတဲ့နေ့မျိုးမှာ ဘာဖြစ်လို့ နင်က အဝတ်ထူထူ မဝတ်လာရတာလဲ။" လင်းချင်းဟယ်က အတွင်းခန်းထဲ ဝင်သွားရင်း ကျိုးချင်းပိုင်ရဲ့ ဆွယ်တာအင်္ကျီအဟောင်းတစ်ထည်ကို ဆွဲထုတ်လာခဲ့သည်။ ဒါကို သူ့အတွက် ဝယ်ပေးခဲ့တာ ဖြစ်ပြီး အခု ‌တော်တော်လေး ဟောင်းနေခဲ့ပြီ။ ကျိုးချင်းပိုင်က လင်းချင်းဟယ်သည် သူ့အတွက် ဆွယ်တာအသစ် တစ်ထည် ထပ်ထိုးပေးပြီးကတည်းက ဒါကို သိပ်မဝတ်ဖြစ်‌တော့ပေ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now