🍄Part (91)🍄လွီ ကိုယ့်ကိုမုန်းလား

1.2K 99 0
                                    

Controlling not to love you

🍄(91)🍄
[လွီ ကိုယ့်ကိုမုန်းလား]

ရှင်ထန့်ဟောင်သည် သူ့ကိုကျောပေးထားတဲ့ လူသားလေးအား ခေါ်လိုက်၏။

"ကိုယ့်နားကိုလာပါဦး...."

ပေကောလွီမလှုပ်ချေ။ အထိန်းတော်ကြီးသည် တောင့်တောင့်ကြီးရပ်နေတဲ့ ပေကောလွီကို ကြည့်လိုက်သည်။ ရှင်ထန့်ဟောင်က ပေကောလွီရဲ့ လက်ချောင်းတွေကို ကြည့်နေသည်။

"အထိန်းတော်ကြီး... ဧကရီရဲ့လက်ကို ပတ်တီးစည်းပေးဖို့ တော်ဝင်သမားတော်တစ်​ယောက်ကို ခေါ်လိုက်ပါ"

"အမိန့်အတိုင်းပါ ဧကရာဇ်...."

အထိန်းတော်ကြီး ဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။ သူက စောစောကလာတဲ့ သမားတော်မဟုတ်တဲ့ နောက်တစ်ယောက်ကို ထပ်ခေါ်လာခဲ့သည်။ ဧကရာဇ်ကို စစ်ဆေးပေးခဲ့တဲ့ သမားတော်ကလည်း ဧကရီကို ဆေးထည့်ပေးရမယ်ဆိုရင် ကြောက်ဒူးတုန်နေတာနဲ့ အဆင်မပြေလောက်။

သူရောက်နေတာ ဧကရာဇ်ရဲ့ အဆောင်တော်သာ မဟုတ်ခဲ့ရင် ဧကရီကသူ့ကို တစ်ခါတည်းများ သတ်ပစ်လိုက်လေမလား မသိဘူး။

သမားတော်ငယ်လေးသည် ဧကရီကို ဆေးထည့် ပတ်တီးစည်းပေးပြီးနောက် ထွက်သွားသည်။ အထိန်းတော်က တံခါးနားမှာ ရပ်စောင့်ပေးနေပြီး ပေကောလွီ ရှင်ထန့်ဟောင်ဆီကို ဖြည်းဖြည်းချင်း ရွေ့သွားနေတာကို ကြည့်နေသည်။

ဧကရာဇ်ကို သူငယ်ငယ်လေးကတည်းက ပြုစုခဲ့ရတာကြောင့် အထိန်းတော်ကြီးမှာလည်း သံယောဇဉ်ကြီးလှပါသည်။ ဧကရာဇ်က အစောကြီး ထွက်ခွာသွားရမယ်ဆိုတော့ အထိန်းတော်ကြီးမှာ မထိန်းနိုင်ဘဲ တိတ်တခိုးလေး မျက်ရည်ကျမိသည်။

"လွီ....."

ရှင်ထန့်ဟောင် အိပ်ယာထဲကနေ လက်လှမ်းလာ၏။

"ဒီအဖိုးကြီးကို ကြည့်ပါဦး"

ပေကောလွီ သူ့ဆီကိုလှမ်းလာတဲ့ လက်ချောင်းတွေကို ဖမ်းဆုပ်လိုက်သည်။

"လွီရယ် ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်နာကျင်အောင် လုပ်ရတာလဲ?"

"ငါမနာပါဘူး....အဲဒါက နှလုံးသားထဲက နာတာလောက်မရှိဘူး"

ပေကောလွီ အနည်းငယ် တုန်ရီနေသော အသံဖြင့်ဆိုလိုက်သည်။ ဒါက လိမ်ညာမှုတစ်မျိုး မဟုတ်သော်လည်း ရှင်ထန့်ဟောင်အတွက်ကတော့ သူ့နှလုံးသားကိုပါ နာကျင်လာစေ၏။ သူထဖို့ကြိုးစားလိုက်တော့ ပေကောလွီကသူ့ကို ထူပေးလာသည်။

Controlling not to love you (OC) Completed Where stories live. Discover now