အခန်း (၄)

163 31 0
                                    

လီလီ

အမ်မာဆန်မွေးပြီးကတည်းက ကျွန်မနဲ့ရွိုင်းလ်ရဲ့အခြေအနေက သမာရိုးကျတစ်ခုကိုမဟုတ်ခဲ့တော့ဘူး။ ကွာရှင်းဖို့လျှောက်လွှာတင်တဲ့အချိန်က သူတို့မွေးကင်းစကလေးရဲ့မွေးစာရင်းမှာ လက်မှတ်ထိုးတဲ့အချိန်နဲ့ တစ်ချိန်တည်းဖြစ်ကြမယ့် စုံတွဲတွေ အများကြီးရှိကြလိမ့်မယ်လို့ ကျွန်မတော့ မထင်မိဘူး။

ကျွန်မတို့ရဲ့အိမ်ထောင်ရေးကိုအဆုံးသတ်ပစ်မယ့် ဆုံးဖြတ်ချက်မျိုး ကျွန်မလုပ်မိလာအောင် တွန်းအားပေးခဲ့တဲ့အရာက ရွိုင်းလ်ဖြစ်နေတဲ့အတွက် သူ့အပေါ်စိတ်ပျက်မိသလောက် ကျွန်မတို့သမီးနဲ့သံယောဇဉ်တစ်ခု တည်ဆောက်မယ့်ကိစ္စမှာတော့ သူ့ကိုမဟန့်တားချင်ခဲ့ဘူး။ သူ့အချိန်ဇယားတွေက အရမ်းကသီလင်တနိုင်တာကြောင့် ကျွန်မတတ်နိုင်သလောက် သူနဲ့ပူးပေါင်းပေးခဲ့တယ်။ တစ်ခါတရံကျ သူနေ့လည်စာနားချိန်မှာ သူ့အလုပ်ဆီ သူမကိုအလည်ခေါ်သွားပေးတဲ့အထိတောင် လုပ်ပေးခဲ့တယ်။

သူ့ဆီမှာလည်း အမ်မာဆန်မမွေးခင်ကတည်းက ကျွန်မနေရာရဲ့သော့ ရှိနေခဲ့တယ်။ ကျွန်မသူ့ကိုအဲ့ဒါပေးခဲ့ရတဲ့အကြောင်းက ကျွန်မတစ်ယောက်တည်းနေပြီး ကလေးမွေးတဲ့အချိန်မှာ သူ အဲ့ဒီတိုက်ခန်းထဲ ဝင်လာဖို့လိုနေမှာစိုးလို့ သက်သက်ပါပဲ။ ဒါပေမဲ့ ကျွန်မမီးဖွားပြီးတဲ့နောက်ပိုင်းမှာ သူက သော့ကိုလုံးဝပြန်မပေးခဲ့ဘူး။ ကျွန်မဘက်က အဲ့ဒါကိုတောင်းတဲ့အဓိပ္ပါယ်မျိုး ပြနေခဲ့တာတောင်မှပေါ့။ သူညနက်ထိလုပ်ရတဲ့ခွဲစိတ်မှုမျိုးရှိတဲ့အခါလို ဖြစ်တောင့်ဖြစ်ခဲအချိန်အခါမျိုးတွေကျ ကျွန်မအလုပ်သွားပြီးတဲ့နောက် အမ်မီနဲ့မနက်ခင်းပိုင်းတွေမှာ အချိန်ပိုလေးအတူတူကုန်ဆုံးလို့ရအောင်ဆိုပြီး တစ်ခါတလေ သူ အဲ့ဒါကိုသုံးတတ်တယ်။ အဲ့ဒါကြောင့်ပဲ ကျွန်မလည်း ပြန်မတောင်းဖြစ်တော့ဘူးရယ်။ ဒါပေမဲ့ အခုတလောဆို သူက အဲ့ဒီသော့ကိုသုံးသုံးပြီး အမ်မီ့ကို အိမ်ပြန်ပို့ပို့ပေးနေတယ်လေ။

ကျွန်မဆိုင်ကိုစောစောမပိတ်ခင်လေး သူက စာလှမ်းပို့ပြီး အမ်မီတစ်ယောက် ပင်ပန်းနေပြီလို့ဆိုတယ်။ အဲ့ဒါကြောင့် သူမကို အိပ်ရာထဲသိပ်ထားလိုက်ဖို့ ကျွန်မရဲ့အိမ်ခေါ်သွားတော့မယ်ပေါ့။ အခုတလော သူသော့ကိုသုံးသုံးလာတဲ့အကြိမ်အရေအတွက်ကြောင့် သူအချိန်ပိုဖြုန်းချင်တဲ့သူက အမ်မီတစ်ယောက်တည်းရောဟုတ်ရဲ့လားလို့ ကျွန်မတွေးတောမိလာတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now