အခန်း (၆)

171 30 0
                                    

လီလီ

"အမ်မာဆန်ရဲ့မွေးနေ့အတွက် နင်ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား" လို့ အယ်လီဆာက မေးတယ်။

အယ်လီဆာနဲ့မာရှယ်တို့က သူတို့သမီး ရွိုင်းလီအတွက် ပထမဆုံးမွေးနေ့ပွဲကိုကျင်းပပေးခဲ့ကြတယ်။ အဲ့ဒါက ကြီးလွန်းအားကြီးလို့ (၁၆)နှစ်ပြည့်မွေးနေ့ပွဲတစ်ခုစာလောက် တန်တယ်လေ။ "သေချာတာတော့ ငါ သူမကို စမက်ရှ်ကိတ်တစ်တလုံးရစေရမယ်ဆိုတာရယ်၊ လက်ဆောင်(၂)ခုပေးမယ်ဆိုတာရယ်ပဲ။ ငါ့မှာ မွေးနေ့ပွဲအကြီးကြီးလုပ်ဖို့ နေရာလည်းမရှိဘူး"

[စမက်ရှ်ကိတ်ဆိုတာ ကလေးတွေ(၁)နှစ်ပြည့်မှာလုပ်ပေးကြတဲ့ ကိတ်သေးသေးလေးတွေပါ။ သူများတွေနဲ့စားဖို့ဆိုတာထက် သူတို့ဘာသာစိတ်တိုင်းကျ ခြေမွ၊ဆော့ပစ်ရင်းစားဖို့ ပိုရည်ရွယ်ပြီးလုပ်ပေးကြတာလေးပါ။]

"ငါတို့တွေ ငါတို့ရဲ့နေရာမှာ တစ်ခုခုလုပ်လို့ရတာပဲ" အယ်လီဆာက လှမ်းကမ်းလာတယ်။

"ငါက ဘယ်သူ့ကိုဖိတ်ရမှာလဲ။ သူမခမျာ တစ်နှစ်ပြည့်မှာလေ။ သူမမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ သူမက စကားတောင်မပြောနိုင်သေးဘူး"

အယ်လီဆာက မျက်လုံးတွေပင့်လှန်ပြလိုက်ပြီး "ငါတို့တွေ ငါတို့ကလေးတွေအတွက် ကလေးတွေပွဲတစ်ခုကျင်းပပေးကြတာမှမဟုတ်ဘဲ။ ငါတို့က အဲ့ဒါတွေကို ငါတို့သူငယ်ချင်းတွေ အထင်ကြီးအောင်လုပ်ကြတာပဲဟာ"

"နင်က ငါ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းပဲ။ ပြီးတော့ ငါ နင့်ကိုအထင်ကြီးအောင်လုပ်နေဖို့မလိုပါဘူး" ကျွန်မ အယ်လီဆာကို ပရင်တာထဲကနေ အမှာစာတစ်ခုကမ်းပေးလိုက်ပြီး "ဒီည ငါတို့တွေ ညစာစားကြမှာလား"

ကျွန်မတို့တွေ (၁)ပတ်ကို(၂)ကြိမ်လောက် သူတို့နေရာမှာ ညစာအတူတူစားဖြစ်ကြတယ်။ ရွိုင်းလ်ကတော့ တစ်ခါတရံပေါ်ပေါ်လာတတ်တယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မသွားလည်ဖြစ်တဲ့ညတွေကို သူ့တာဝန်ကျတာနဲ့တိုက်အောင် တမင်စီစဉ်လေ့ရှိတယ်။ အယ်လီဆာသတိထားမိလားဆိုတာတော့ ကျွန်မသိဘူးရယ်။ သူမ သတိထားမိရင်လည်း ကျွန်မကို အပြစ်မတင်လောက်ပါဘူး။ ကျွန်မအနားမှာရှိနေတုန်း ရွိုင်းလ်ကိုကြည့်ရတာက နာကျင်ခံစားရတယ်လို့ သူမပြောတယ်။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ ကျွန်မတို့အတွက်မျှော်လင့်နေတာမျိုးရှိနေသေးတယ်လို့ သူမသံသယဝင်မိလို့တဲ့လေ။ သူမက ကျွန်မအနားမရှိတဲ့အချိန် သူနဲ့အတူတူရှိရတာမျိုးကို ပိုသဘောကျတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now