အခန်း (၁၉)

120 27 0
                                    

အာ့တ်လက်စ်

(၁၂)နှစ်က Uberငှားစီးဖို့ ငယ်လွန်းနေမလားဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဂျော့ရှ်ကို ကျောင်းဆင်းရင် ကျွန်တော့အိမ်မှာပဲ တစ်ယောက်တည်းထပ်မထားချင်ဘူး။ ဒီတော့ သူ့ကို ဒီစားသောက်ဆိုင်မှာ တစ်ချက်ဆင်းခိုင်းလိုက်တယ်။ ဒီအပတ်အစောပိုင်းမှာ ကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူ ဖျက်ဆီးခဲ့တဲ့ကုန်ကျစရိတ်စုစုပေါင်းကိုပြန်ပေးဖို့ ဒီမှာဝိုင်းကူပေးသင့်လောက်တယ်လို့ပေါ့။

ကျွန်တော် Uberကို မြေပုံပေါ်ကနေကြည့်နေခဲ့တာ။ ဒါကြောင့် ကျွန်တော် သူ့ကို ဆိုင်ရှေ့ဘက်ထွက်လာပြီး တွေ့ဖြစ်ခဲ့တယ်။ သူ ကားထဲကထွက်လာတော့ သူ့ပုံစံက ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်ဆုံခဲ့ရတဲ့ကလေးပုံစံနဲ့ လုံးဝကိုကွာခြားသွားပြီ။ သူက သူနဲ့တော်တဲ့အဝတ်အစားတွေကို ဝတ်ထားတယ်။ ကျွန်တော်မနေ့က သူ့ကိုဆံပင်ညှပ်ဖို့ခေါ်သွားခဲ့တယ်။ ပြီးတော့ သူက မှုတ်ဆေးဘူးတွေထက် စာအုပ်တွေနဲ့ပြည့်နေတဲ့ ကျောပိုးအိတ်တစ်လုံးကို လွယ်ထားတယ်။

ဆက်တန်သာသူ့ကိုတွေ့ရင် မှတ်တောင်မှတ်မိပါ့မလားလို့ ကျွန်တော်သံသယဖြစ်မိတယ်။

"ကျောင်းတက်ရတာဘယ်လိုနေလဲ" ဒီနေ့က ကျောင်းအသစ်မှာ သူ့ရဲ့ဒုတိယမြောက်နေ့ပဲ။ မနေ့က သူက အဆင်ပြေပါတယ်လို့ပြောခဲ့ပေမဲ့ အဲ့ဒီထက်ပိုပြီးတော့မပြောပြခဲ့ဘူး။

"အဆင်ပြေပါတယ်"

အဲ့ဒါက (၁၂)နှစ်အရွယ်ကလေးတစ်ယောက်ဆီက ကျွန်တော်ရနိုင်သလောက်ဟာပဲဖြစ်မယ်လို့ ယူဆမိတယ်။ ကျွန်တော့စားသောက်ဆိုင်ထဲဝင်ဖို့ တံခါးဖွင့်ပေးလိုက်တယ်။ ဂျော့ရှ်က အထဲကိုမဝင်ခင် ခဏရပ်လိုက်တယ်။ သူက အဆောက်အဦးကိုမော့ကြည့်ပြီး ချင့်ချိန်တွက်ဆနေတယ်။ "ကျွန်တော် ဒီမှာ (၂)ပတ်အိပ်ဖြစ်ခဲ့ပေမဲ့ ဒီတစ်ခေါက်ကျမှ ဝင်ပေါက်ကနေ ပထမဆုံးအကြိမ်ဝင်လာရတာတော့ ရယ်ရတယ်"

ကျွန်တော် ရယ်လိုက်ပြီး သူ့နောက်ကနေ စားသောက်ဆိုင်ထဲလိုက်ဝင်ခဲ့တယ်။ ကျွန်တော် သူ့ကို သီအိုနဲ့တွေ့ပေးဖို့ စိတ်လှုပ်ရှားနေမိတယ်။ ကျွန်တော့ဘက်က သီအိုကို ဂျော့ရှ်အကြောင်းပြောဖို့အခွင့်အရေးမရသေးတာတောင်မှပေါ့။ သီအိုက လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ ရောက်လာပြီး အနောက်ဘက်ဆီတန်းဖြတ်သွားတဲ့အချိန်မှာ ကျွန်တော်က ဂျော့ရှ်ကိုသွားစောင့်ခေါ်ဖို့ ဆိုင်ရှေ့ကိုထွက်လာခဲ့တာ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now