56

3.4K 367 12
                                    

56;အရောင်မဲ့ကပ်ဘေး

"ဖြူ နင်ရေများများသောက်ပါဟာ
နှုတ်ခမ်းတွေကအရမ်းဖြူဖျော့
လာနေတော့တာပဲ ဒီရက်ပိုင်း။ "

သူမစကားကိုကြားပုံတော့ရ‌တဲ့ ဖြူက တစ်ချက်တော့လှည့်ကြည့်သည်။ ခပ်မှိန်မှိန်မျက်၀န်းတွေ နဂိုဖြူတဲ့အသားရည်က ပိုပိုပြီး ဖျော့လာသည် ။လက်သည်းတွေက အရင်လိုကြည်ကြည်တောက်တောက်လေးမဟုတ်တော့။

"ဟိုကောင်လေးကို ပြန်ပေးရမှာမို့လို့ ဖြစ်နေတာဆိုရင် ကိစ္စမရှိပါဘူးဖြူရဲ့။ ငါနင့်ကိုဝယ်ပေးမယ်လေ ။တစ်ကောင်မဟုတ်ပဲ နှစ်ကောင် ၀ယ်ပေးမယ် ဟုတ်ပြီလား ။ "

လက်ချောင်းတွေထောင်ပြရင်း အားတတ်သရော်ပြောမိတော့ ဖြူက ပြုံးသည် ။ညိုပေါက်ကတော့ သူနဲ့ ကစားပေးမယ်အထင်နဲ့ ပေါင်ပေါ်မရမကတတ်လာနေသည် ။ညနေကျရင်ပြန်ပေးရတော့မဲ့အကြောင်းတွေးရင်း ခန္ဓာကိုယ်ကအမွှေးလေး‌တွေကို ပွတ်ပေးနေလိုက်သည်။

သူမတို့နှစ်ယောက်နဲ့ရှိနေခဲ့တဲ့ ဒီအချိန် ဆယ်ရက်ကျော်ကာလအတွင်းမှာ သူမတောင်မှ သံယောဇဉ်အနည်းငယ်တွယ်မိသည်မို့ ဖြူကတော့ဘယ်လိုခံစားနေရမည်ဆိုတာ မှန်းကြည့်လို့ရသည် ။

"ငါတို့သူ‌လာပေးတာမစောင့်တော့ပဲ သူ့အိမ်ကိုသွားပေးမလား။ အပြင်မသွားတာလည်းကြာပြီလေ ။အပြန်ကျရင် တစ်ကောင်လောက်၀င်၀ယ်မယ်လေ။ နင်ကအရမ်းမလန်းမဆန်း ဖြစ်နေတာ အိမ်ထဲမှာပဲနေတာများလို့ ထင်တယ် ။ "

မျက်လုံးတွေကိုမှိတ်ထားတဲ့ ဖြူက သက်ပြင်းဖွဖွချသည်။ ခြောက်သွေ့နေတဲ့နှုတ်‌ခမ်းတွေကိုလျှာနဲ့သပ်သည်။လက်ဖဝါးနဲ့မျက်နှာကိုသပ်ချပြီး တိုးတိုးလေး‌ပြောသည်။တိုးလွန်းလို့သူမကိုပြန်ဖြေတာလား ကိုယ်ဘာကိုပဲငြီးတွားနေတာလားတောင် သိပ်ပြီးမသဲကွဲ ။

"အဆင်ပြေပါတယ် ။ကောင်းသွားမှာပါ ။ကိစ္စမရှိဘူး။ ဒီတိုင်းလေးပဲ
ငြိမ်‌ငြိမ်လေးနေရအောင်ပါ ။"

နေရာကနေ ထကာ ဖြူသက်တောင့်သက်တာဖြစ်အောင် အဲကွန်းရမုကို ယူပြီးအခန်းတွင်းအပူချိန်ကိုချိန်ညှိပေးပြီး အခန်းထောင့်မှာပဲထိုင်ကာ အညိုကောင်နဲ့ကစားနေလိုက်သည်။
စိတ်ကရော မျက်လုံးကရော ဖြူ့ဆီပဲရောက်နေပေမဲ့လည်းပေါ့ ။ဖြူအဆင်ပြေသွားမှာပါ ။သူမက ကောင်းသွားအောင်လုပ်ပေးရင် ရတာပဲမလား ။ဒီလောက်နှစ်တွေအကြာကြီးအတူတူဖြတ်သန်းခဲ့တာပဲ ။ဒီအချိန်တွေအတွင်းမှာလည်း သူမ ကြိုးစားအားထုတ်မှုနဲ့ ဖြူပြုံးခဲ့ရတဲ့အခြေအနေတွေက နည်းနည်း နောနောမှမဟုတ်တာ ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now