58

8.5K 374 41
                                    

58; ပုံပြင်တစ်ခန်းရပ်

မျက်စိရှေ့မှာမြင်နေတဲ့လမ်းတွေကိုပဲ အာရုံစိုက်သည် ။မဆုံးမချင်းလျှောက်မယ်လို့ဆုံးဖြတ်ချက်ချထားသလို လမ်းအရှည်ကြီးကို
မမောနိုင်မပန်းနိုင်လျှောက်သည် ။
တစ်ချက်တစ်ချက်ခြေ‌ဖျားအောက်က လမ်းတွေက သူမရဲ့ဖိနပ်နဲ့ထိမနေသလို ။

ဦးတည်ရာက ဘယ်မှန်း
မသိပေမဲ့ သူမကတော့ လမ်းတွေ
ရှိနေသေးသရွေ့ဆက်လျှောက်နေဦးမဲ့ပုံပေါ်သည် ။ဗလ‌တောင့်တောင့်
လူတစ်ယောက်နဲ့၀င်တိုက်မိသည် ။ထိုလူရဲ့လက်ထဲမှာကိုင်ထားတဲ့ဖျော်ရည်တွေကမှောက်ကျပြီး
ထိုလူရဲ့ကိုယ်ပေါ်မှာပက်ဖြန်းလိုက်သလိုရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည် ။မတောင်းပန်ဘဲ စိုက်ကြည့်နေတဲ့သူမကို ထိုလူကဒေါသတကြီး ဆဲဆို‌တော့သည် ။သူမကဆက်သွားသည်။ ထိုလူကအင်္ကျီကိုလှမ်းဆွဲသည် ။ဆက်သွားဖို့ထပ်လုပ်သည် ။ ထိုလူကစိတ်မရှည်စွာသူမကို မြေကြီးပေါ်ထိုင်လျက်လဲကျအောင် ဆွဲချလိုက်သည် ။

သူမကနေရာကနေကုန်းထသည်။ထို့နောက်ထိုလူ့ရဲ့နှာနုတည့်တည့်ကို လက်သီးနဲ့ထိုးလိုက်သည် ။အငိုက်မိသွားတဲ့လူကမျက်နှာကိုလက်နဲ့အုပ် ငြီးငြူပြီးနောက်သူမရဲ့ မျက်နှာကို ပြန်ထိုးသည် ။သူမကလမ်းပေါ်ကို လှဲကျသွားသည် ။ထိုလူကခြေထောက်နဲ့ထပ်ကာထပ်ကာ ကန်သည် ။ပါးစပ်ထဲကသွေးတချို့ လျှံကျလာသော်လည်း သူမက ငိုယိုအော်ဟစ်မနေ ။မျက်လုံးသေနဲ့သာ ဦးတည်ရာမရှိကြည့်နေသည် ။ထိုလူကခြေထောက်နဲ့နေရာအနံ့ကန်နေတာက သူမရဲ့ခန္ဓာကိုယ်မဟုတ်သလိုပင် ။ ဒေါသဖြေလို့၀သွားပုံရတဲ့လူက သက်ပြင်းချလို့ ဆံပင်ကိုတစ်ချက်သပြီး ဘောင်းဘီနဲ့ဖိနပ်ကို အနည်းငယ်ခါ၍ ထွက်သွားချိန်ထိ
သူမရဲ့စိတ်ဝိဉာဉ်က ထိုခန္ဓာကိုယ်ထဲမှာရှိနေပုံမပေါ် ဘဲ အတန်ကြာသည်အထိထိုနေရာမှပင် ကွေးကွေးလေးလှဲနေသည် ။

ခဏအကြာလူတွေသူမနားဝိုင်းအုံလာသည် ။ဘယ်သူကမှတော့ ကူညီထူပေးဖို့လာပုံမရ ကြောင်သေတစ်ကောင်ကိုဝိုင်းအုံကြည့်သလို ပုံစံမျိုးနဲ့သာသူမကိုစိတ်‌၀င်စားနေခဲ့ကြသည် ။အချင်းချင်းတီတိုးပြောနေကြသည် ။မိုးတွေကျလာတော့ လူတွေထွက်သွားပြီး တစ်ယောက်ထဲကျန်ခဲ့ပြန်သည် ။ သူမမျက်နှာပေါ်က ပေကျံနေတဲ့ သွေးကွက်တချို့က မိုး‌ရေနဲ့အတူပါသွားသည် ။ထိုအချိန်မှ နေရာကနေခပ်လေးလေး ထလာသည် ။ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်နေဆဲဖြစ်တဲ့ သူမက မိုးရေတွေကြားနင်းဖြတ်တော့ စီးထားတဲ့ညှပ်ဖိနပ်ကလျှောပြီး လှဲကျပြန်သည် ။လမ်းမပေါ်ကပြန်ထပြီး ကျွတ်သွားတဲ့ဖိနပ်တစ်ဖက်ကို ထပ်မစီးဘဲ ‌ကျန်နေတဲ့နောက်တစ်ဖက်ကိုပါ ချွတ်ချန်ခဲ့ပြီးဆက်သွားသည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now