2.6K 290 9
                                    

Unicode

"အမိ"

"ဟိုလူ"

သူ့လက်ညှိုးထိုး ငါ့လက်ညှိုးထိုးဖြင့် အံ့သြမင်သက်နေသော သူတို့နှစ်ဦးကို ဆရာကြည်နှင့် ဆရာရသကလည်း နားမလည်သလို ငေးကြည့်လို့။ နီညိုရောင်လက်ကိုင်ပုဝါပိုင်ရှင်လေးကို သူသေချာမှတ်မိနေပါသေးသည်။ မိုးစက်ကလေးများ နေရာမလပ်ကျဆင်းနေကြသည့်ကြားမှ ထိုမျက်နှာပိုင်ရှင်လေးကို မှတ်မိနေသေးသည်။ ရှည်လျားနက်မှောင်သော ဆံနွယ်နက်နက်များကို သူမှတ်မိနေသေးသည်။ မျက်နှာလေးအား သေချာမမြင်ခဲ့ရသည့်တိုင် ထွင်းအက္ခရာနှင့်ဆင်သည်ကိုတော့ သူမှတ်မိနေသေး၏။

ယခု သေချာမြင်ရမှ ထွင်းအက္ခရာနှင့် အမှန်ပင် တူနေသည်ကို သူဝန်ခံရမည်ဖြစ်သည်။နှင်းဆီဖူးသဖွယ် ပြည့်ပြည့်ဖူးဖူးနှုတ်ခမ်းများနှင့် မဟူရာမျက်ဝန်းနက်ကလေးများက ပနံသင့်လိုက်ဖက်စွာ။ နှာတံပြေပြေကလေးများနှင့် နှဖူးမောက်မောက်ကလေးများ။ ရှည်လျားကော့ညွတ်သော မျက်တောင်မွေးများက အနက်ရောင်ကြည်ရေပြင်ကလေးအား ဝန်းရံထားလျက်။ အံ့သြနေ၍ ခပ်ဟဟဖြစ်နေသော နှုတ်ခမ်းကလေးက ချစ်စဖွယ်။ အမှန်ပင် ချွတ်ပြီးစွပ်ထားသကဲ့သို့ အမွှာများသဖွယ် တူညီနေသော အမိနှင့် ထွင်းအက္ခရာ။ အမိက အံ့သြနေဟန်ဖြစ်နေရာမှ မျက်မှောင်တို့ စုကုတ်သွားပြန်လေသည်။ ဘာကို အလိုမကျဖြစ်ရပြန်သလဲ။

"ကျုပ်က ယောက်ျားလေး....အမိလို့ မခေါ်နဲ့....တစ်ခါပြောထားရင် မမှတ်ထားဘူး...."

လူကြီးလေးသဖွယ် အော်ငေါက်နေသည်ကြောင့် ဒုတိယမ္ပိအံ့သြရပြန်ပါသည်။ စတွေ့သည့်နေ့ကတော့ မိုးသံများကြောင့် အသံကို ပီပြင်စွာမကြားခဲ့ရ။ ယခုကြားလိုက်ရသော ထိုသူ၏ အသံမှာ အမှန်ပင် ထွင်းအက္ခရာ၏ သီချင်းသီကြူးချိန်၌ ထွက်ပေါ်တတ်သော အသံကလေးပင်။ အနည်းငယ် မာထန်နေ၍ ခပ်ရှရှဖြစ်နေဟန်ထင်ရသည်မှအပ လုံးဝဥဿုံတူညီနေလေသည်။

"မင်းတို့နှစ်ယောက်က သိနေကြတာလား...."

ဆရာရသက မနေနိုင်စွာ ဝင်မေးလေသည်။

"ဟုတ်ပါတယ်...."

"မဟုတ်ပါဘူး...."

ကျွန်တော်က ဖြေတော့ သူက မျက်ထောင့်နီကြီးဖြင့် ကြည့်လာကာ ပြင်ဖြေလေသည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now