၂၈

1.6K 156 80
                                    

Unicode

ချိုင့်ဝှမ်းထဲမှ သူတို့အတွက် နေရာကလေးတွင် ဆရာရသနှင့် တပည့်များ အလုပ်များနေကြသည်။ ဇာတ်စင်မှအစ ကွင်းအပြင်အဆင်အထိ အနီးကပ်မှ ပြင်ဆင်နေရသည်မို့ သွက်သွက်သွက်သွက်ဖြစ်နေကြသည်။ မည်သူမှ မအားမလပ်ကြပါ။ အဖွဲ့ဝင်အမျိုးသမီးများကတော့ ထိုနေရာသို့ လာရောက်ကြည့်ရှုခြင်းမရှိကြ။ ဆရာရသ၏ အစ်မအိမ်တွင်သာ ရှိနေကြသည်။ ယခုအလုပ်များနေကြသူများမှာ အဖွဲ့ဝင်ယောက်ျားကလေးများသာဖြစ်သည်။

ထွင်းအက္ခရာမှာလည်း အမျိုးသားတစ်ဦးဖြစ်သည်ကြောင့် အခြားသူများနည်းတူ ကူညီညာလုပ်ကိုင်နေ၏။ အနားယူရန် တဲဆောက်သည်မှသည် ဇာတ်စင်အပြင်အဆင်အထိ သူ့တစ်နိုင်စာကလေးကို မခိုမကပ်ကူညီနေပါ၏။ သို့ပေသော်လည်း သူ့ခင်ဗျာ အတော် ကပိုကရိုနိုင်နေပါ၏။ သူ့သရုပ်မှန်ကလေးထိန်းဖို့ရာလည်း မာဖလာကြီးအား မျက်နှာတစ်ဝိုက်အုပ်ထားရသေးသည်လေ။ ဤရွာ၌ မည်မျှပင် နံနက်ခင်း၌ အေးပါစေ နေ့လည်နေ့ခင်းသို့ ရောက်လျှင်တော့ ချွေးပြိုက်ပြိုက်ကျစမြဲပင်။ သို့ကြောင့်မို့ ထွင်းအက္ခရာကလေးမှာ ချွေးများ ရွှဲနစ်နေလေပြီ။ ကတ္တီပါဇာတ်စင်လိုက်ကာစကြီးအား ကူကိုင်ပေးထားရသော ထွင်းအက္ခရာကလေးသည် တစ်ဖက်လက်ဖြင့်လည်း နှဖူးမှ ချွေးများအား သုတ်နေရသေးသည်။

"အစ်ကိုထွင်း...."

မောင်မှာ စွပ်ကျယ်အင်္ကျီကလေးသာ ကိုယ်တွင်မြဲတော့သည်။ ထိုအင်္ကျီကလေးမှာလည်း ချွေးများနစ်လို့။ မောင်က သူ့အား ထိုသို့ ခေါ်လိုက်လျက် သူ့ပုဆိုး ခါးပုံစဖြင့် မျက်နှာမှ ချွေးများကို တစ်ချက်မျှသုတ်လိုက်ကာ ထွင်းအက္ခရာထံ အပြေးကလေးတစ်ပိုင်းလာလေတော့သည်။ အနားရောက်သည်နှင့် ထွင်းအက္ခရာ ကိုင်ဆွဲပေးထားရလေသော ကတ္တီပါလိုက်ကာကြီးအား သူ့လက်အတွင်းမှ အတင်းလွှတ်ချစေသည်။

"ဟ! ဘာဖြစ်သလဲ! ဟော သူရဲကောင်းကြီးတစ်ခေတ်မောင်...သည်မယ် တပ်တုန်း ဆင်တုန်းကွ....သည်လို ဖြုတ်ချလို့ရလေမလား....ပြန်ကိုင်ထားခိုင်းလေအုန်း...."

ဇာတ်စင်မှ အမှီတိုင်ကြီးဖြင့် အထက်သို့ တက်ကာ လိုက်ကာဆင်နေသည့် ငပုမှာ လှမ်းဟောက်ရတော့သည်။ လိုက်ကာမှာ ကတ္တီပါသားမို့ အောက်မှ ကူကိုင်ပေးထားမည့်သူ မရှိလျှင် အတော် ဒုက္ခရောက်၏။ အချိန်(အလေးချိန်)စီး(စီးပိုး)သည်ကြောင့် တိုင်ကို တွယ်ကာ လိုက်ကာဆင်နေရသူအဖို့ မနိုင်မနင်းဖြစ်လှသည်။ သို့ကြောင့်မို့ အငြိမ့်မင်းသမီး ထွင်းအက္ခရာကို အကူအညီတောင်းရခြင်းဖြစ်ပေ၏။ သို့ပေတိ သည်တစ်ကောင့်သား တစ်ခေတ်မောင်မှာ ဘာဝင်ရှုပ်ရပြန်သနည်း။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now