၂၁

1.9K 229 62
                                    

Unicode

"မနက်ဖြန်ကျ ငါနဲ့ ဘုရားအတူ သွားချင်သလား တစ်ခေတ်မောင်...."

ထိုစကားအား မျက်ဝန်းညိုများ လခြမ်းသဏ္ဍာန်ကလေးကွေးတက်သွားသည်အထိ ပြုံးပြကာပြောလာသည်မို့ တစ်ခေတ်မောင် ရင်တို့ဒိန်းခနဲ ဆောင့်ခုန့်ပါတော့၏။ လက်ထဲတွင် ကိုင်ထားရသော သရက်ကင်းရွက်များပါသည့် ကြိမ်ခြင်းကလေးပင် လွတ်ကျချင်လာသည်မို့ စိတ်တင်းကာ အသိကပ်ရတော့သည်။ ထိုသို့သော အပြုံးသည် အစ်ကိုထွင်းနှင့်အလိုက်ဖက်ဆုံးဖြစ်ကာ အမြဲတစေ တစ်ခေတ်မောင်အား လှုပ်လှုပ်ရှားရှားဖြစ်စေသည်ပင်။

"ငါပြောတာ ကြားရဲ့လား တစ်ခေတ်မောင်...ငါနဲ့အတူ သွားချင်သလား...."

သူ့အား မော့ကြည့်လျက် ထပ်မံမေးမြန်းလာသော အစ်ကိုထွင်း။ သူအိပ်မက်ယောင်နေတာများလား။ အစ်ကိုထွင်းကိုယ်တိုင် သူ့အား ဘုရားအတူတူသွားရန် ခေါ်နေသည်လေ။ ဤကမ္ဘာ၌ ကိုယ့်ချစ်ရသူနှင့်အတူ ဘုရားသွားကျောင်းတက် မလုပ်ချင်သူရှိပါရဲ့လား။ မည်မျှပင် လိုချင်တပ်မက်ချင်စိတ်မရှိပါဟုဆိုဆို အစ်ကိုထွင်းနှင့်အတူ ဘုရားသွားချင်သည်မှာတော့ အမှန်။ သို့ပေမဲ့ သူ့ကြောင့်များ အစ်ကိုထွင်း စိတ်အနှောင့်အယှက်ဖြစ်လေမလားဟု တွေးမိနေပြန်သည်မို့ သဘောတူလက်ခံဖို့ကိုပင် တွန့်ဆုတ်ဆုတ်ဖြစ်နေမိတော့သည်။ ပြန်လည်ဖြေကြားဖို့ရန် သူကြန့်ကြာနေလေတော့ အစ်ကိုထွင်း၏ မျက်နှာကလေးမှာ တမဟုတ်ချင်းညိှုးကျသွားလေတော့၏။

"မနက်ဖြန်ခါ ငါ့မွေးနေ့ကလေးမို့ ဘုရားသွားချင်လို့ရယ်ပါ....မင်းမလိုက်ချင်ရင်လည်း----"

"ကျုပ်!!! ကျုပ်...ကျုပ် လိုက်ပါ့မယ်....လိုက်မှာပေါ့ဗျာ...လိုက်မှာပေါ့..."

အစ်ကိုထွင်းမျက်နှာညိှုးမည်ကို လက်သင့်မခံနိုင်လေသော တစ်ခေတ်မောင်မှာ အလျင်စလို ဖြေရတော့သည်။ အစ်ကိုထွင်း၏ မျက်နှာထက် အပြုံးကလေးများ ဝေနေသည်ကိုသာ သူလိုလားပါ၏။ တစ်ဆက်တည်း သူ့၌ လက်ကျန် ကံကောင်းမှုကလေးများ ရှိနေသည်ဟု တွေးလျက် တိတ်တဆိတ်​ပျော်ရွှင်နေမိသည်။ အစ်ကိုထွင်း၏ မွေးနေ့ရက်မြတ်၌ အစ်ကိုထွင်းနှင့်အတူ ဘုရားသွားရခြင်းသည် မည်မျှ ထုထည်ကြီးမားသော ကံကောင်းမှုဖြစ်ကြောင်း တစ်ခေတ်မောင်မှအပ မည်သူမျှ တွေးဆနိုင်မည်မဟုတ်ပေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now