၄၀ (ဇာတ်သိမ်းပိုင်း)

3.5K 211 109
                                    

Unicode

"*တစ်ချိန်က နာမည်ပျက်ဖြင့် ကျော်ကြားခဲ့သော အငြိမ့်သဘင်အဖွဲ့တစ်ခု ယခုပြန်လည် နာမည်ရနေ* ဆိုပါ့လားကွ...."

"ဟေ....မှန်းစမ်း မှန်းစမ်း...."

ငဇော့်လက်ထဲမှ သတင်းစာအား ဇက်ခနဲ ဆွဲယူကာ ခပ်သွက်သွက်ဖတ်မိ၏။

"သည်အဖွဲ့ ငါသိသားကွ....အဲ့တုန်းက တကယ့်ကို ဟိုးလေးတကြော်ကြော်ဟေ့...ငါတို့ရွာမယ် လာမကဖူးပေမဲ့လို့ အဲ့တုန်းက သတင်းကတော့ သည်အထိ မွှေးသဗျ...."

"အခု အငြိမ့်ခေါင်းဆောင်မင်းသမီးအသစ်ကလည်း တော်တယ်ဆိုပဲ ဆောင်းကြီးရဲ့...."

"ဟုတ်မပေါ့ ဟုတ်မပေါ့....သို့ပေမဲ့ အရင်ကတစ်ယောက်ကိုတော့ မမှီဘူးလို့ ပြောကြတာပဲကွာ...."

"ဟုတ်လား ဆောင်းကြီး...."

လက်ဖက်ရည်ဆိုင်၌ လူကြီးနှစ်ဦး ပြောဆိုနေသည်ကို ထွင်းအက္ခရာ မထင်မှတ်ဘဲ နားစွင့်လိုက်မိသည်။ အဆင်ပြေချောမွေ့စွာ အောင်မြင်နေသည်ဟု သတင်းကြားလိုက်ရပြန်တော့ သူ့မယ် ဝမ်းသာကာ ပြုံးမိသည်အထိ။ မည်သို့ပင်ဆိုဆို သူဆိုသည်မှာ ကိုယ်လွတ်ရုန်းလာသူမဟုတ်ပါလား။ သူကိုယ်လွတ်ရုန်းလာပါသော်လည်း ဆရာရသမှာ ထိုအခြေအနေကိုထိန်း၍ ဤသို့တစ်ဖန်အောင်မြင်လာအောင် စွမ်းဆောင်နိုင်သည်ကိုတော့ မချီးကျူးဘဲမနေနိုင်။ ဆရာရသမှာ အရည်အချင်းရှိသည့် ဇာတ်ဆရာတစ်ဦးမို့ ထိုအဖွဲ့ ဆက်လက်အောင်မြင်အုန်းမည်ကိုတော့ သူမှန်း၍ရသည်။ ဘာရယ်မဟုတ် သတင်းစာ ခေါင်းစီးမှ အငြိမ့်အဖွဲ့နာမည်ကလေးအား ဖျတ်ခနဲ လှမ်းကြည့်မိသည်။

*ရနံ့မွှေး အငြိမ့်သဘင်အဖွဲ့* တဲ့လေ။

"ညီလေး မှာထားတာ သည်မှာပါ...."

လက်ဖက်ရည်အဖျော်ဆရာ၏ စကား၌ ထွင်းအက္ခရာ အတွေးဆတို့ ပြတ်သွားရသည်။ လက်ဖက်ရည်ဖြည့်ပြီးသော စတီးဂျိုင့်နှင့် သတင်းစာဖြင့်ပတ်ထားသော အီကြာကွေးတစ်ချောင်းကိုယူကာ ထိုဆိုင်မှ ထွက်လာခဲ့သည်။

အချိန်များက ကြာညောင်းသွားပြီမို့ ယခင်ကလို ဂျိုင်းထောက်တစ်ချောင်းဖြင့် ဖြစ်မနေတော့။ ဂျိုင်းထောက်မပါပါဘဲ သွားတတ်လာတတ်နေလေပြီ။ သို့သော် သူ့လမ်းလျှောက်ပုံမှာ သာမန်လူတစ်ဦးလိုတော့ ကြည့်ရှု၍ မလှပပါချေ။ ထော့နင်းထော့နင်းဖြင့်ဖြစ်ကာ ဘယ်ခြေက ညာခြေကို စောင့်ကာ ခေါ်ရတတ်၏။ အရပ်ထဲမှ ကာလသားများ သူ့အား ထော့ကျိုးဟု ဝိုင်းစနောက်၍ မောင်တစ်ယောက် တုတ်ဆွဲဓါးဆွဲဖြင့် အိမ်အထိ သွားရန်ရှာသည်ကို တွေးမိတော့ အိမ်သို့ ပြန်လာနေရင်း ထွင်းအက္ခရာ ပြုံးမိပြန်၏။ မောင်က သူနှင့်ပတ်သက်လာလျှင် ဒေါသမထိန်းချုပ်နိုင်ဆုံးလူသားပင်။ ထိုနေ့ကဆိုလျှင် သူ့မှာ ထော့နင်းထော့နင်းဖြင့် မောင့်အား လိုက်ဆွဲခဲ့ရသေးသည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now