၃၅

1.4K 154 104
                                    

Unicode

"ဘာလို့ဆို အစ်ကိုထွင်းက ကျုပ်ရဲ့ နှစ်ယောက်မရှိတဲ့ ချစ်မြတ်နိုးရသူလေဗျာ..."

တစ်ခေတ်မောင်၏ အက်ရှရှခပ်တိုးတိုးအသံကြောင့် ယခုနက ဆူညံမှုအစုံ တိခနဲ ငြိမ်ကျသွားတော့သည်။ အဖွဲ့သားများ မယုံနိုင်ဖြစ်သွားရကာ တစ်ခေတ်မောင်အား အဓိပ္ပာယ်အမျိုးမျိုးဖြင့် ငေးကြည့်နေကြတော့သည်။ သွေးကြွနေခဲ့သည့် ထူးမော်သည်ပင် အံ့သြမှင်သက်သွားလေ၏။ တစ်ခေတ်မောင်မှာ အားအင်ချိနဲ့စွာ ခေါင်းကိုငုံ့ထားလျက် အသံတိုးတိုးဖြင့် အဆက်မပြတ်ရေရွတ်နေတော့သည်။

"ကျုပ် ချစ်ရတဲ့သူကို ကျုပ်က ဘာ့ကြောင့်များ သည်လိုလုပ်ရပ်မျိုး လုပ်နိုင်ရပါ့မလဲ....ကျုပ် အစ်ကိုထွင်းကို ဘယ်လောက်ထိ ချစ်သလဲဗျာ...အစ်ကိုထွင်းကလည်း ကျုပ်ကို ချစ်တယ်....ကျုပ်ကို ဘာ့ကြောင့် သည်လိုတွေ စွပ်စွဲနေရတာများလဲ....ဘာ့ကြောင့်များလဲ...."

ဆရာရသ၏ မျက်နှာထက်၌ နားမလည်ခြင်းများ ပြေးယှက်နေတော့၏။ အက္ခရာနှင့် တစ်ခေတ်မောင် လွန်စွာ နီးကပ်ရင်းနှီးခဲ့ကြမှန်း သူသိပါ၏။ သို့ပေသော်လည်း ညီအစ်ကိုနှစ်ယောက် ချစ်ခင်သကဲ့သို့ ချစ်ခင်သည်ဟုသာ သူမှတ်ယူထားခဲ့လေသည်။ အမျိုးသားနှစ်ဦး ချစ်ကြိုက်၍ရသလား မရသလား သူ မပြောတတ်။ သူ့တပည့်နှစ်ဦးမှာတော့ ချစ်ကြိုက်၍ရကြောင်း ပြသွားချေပြီ။ ဆရာရသမှာ လွန်စွာ စိတ်ရှုပ်နေလျက် မျက်မှောင်တို့ ကြုံ့နေမိတော့သည်။

"မင်း!!!! မင်းကို ဘာကိစ္စ ရာက ချစ်ရမှာလဲ!!!....ရာက ယောက်ျားလေးကွ!!! ယောက်ျားလေး!....ယောက်ျားတစ်ယောက်ကို ရာချစ်မယ်ဆိုရင်တောင် ငါမဟုတ်ဘဲ ဘာကြောင့် မင်းဖြစ်ရသလဲ...."

ထူးမော်တစ်ယောက် သွေးရူးသွေးတန်းအော်ဟစ်လျက် တစ်ခေတ်မောင်၏ မလဲလှယ်ရသေးသော လူရွှင်တော်ဝတ်စုံအား လည်ပင်းနားမှ ဆွဲဆုပ်ထားသည်မှာ ပြဲလုမတတ်။ ထူးမော်၏ မျက်ဝန်းများမှာလည်း နီနီရဲနေခဲ့တော့သည်။ ရာနှင့် သူမှာ ငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့ကြသည်။ သို့ပေမဲ့ ရာ့ဘဝ၏ အခက်ခဲဆုံးသော အချိန်များ၌ သူအတူရှိမပေးနိုင်ခဲ့ပါ။ ထိုအချိန်များ၌ ထူးမော်မှာ ဘိလပ်၌ ဆေးပညာအား ဆည်းပူးနေခဲ့သည်။ အဆုံး၌ သူ တမြတ်တနိုးငေးကြည့်နေခဲ့သောရာမှာ သူ့အား မရွေးချယ်ခဲ့တော့။ သည်အညာသားအား ရွေးချယ်လိုက်ခြင်းမှာ အနေနီး၍သာ ဖြစ်နိုင်ပါ၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now