၃၁

1.4K 152 48
                                    

Unicode

ငပုရဲ့ ခေါ်ဆိုသံကြောင့် ဇာတ်စင်နောက်သို့ ကသောင်းကနင်း ရောက်ရှိသွားတော့၏။ လူရွှင်တော် အစ်ကိုကြီးတစ်သိုက်မှာလည်း သူ့အား စောင့်မျှော်နေကာ တေးသံဆုံးလို့ အကအလှအဆုံးသတ်ချိန်တွင် လက်ခုပ်ကိုယ်စီတီး၍ ဇာတ်စင်ပေါ် တက်သွားလေတော့၏။ တစ်ခေတ်မောင်သည်လည်း အစ်ကိုကြီးတို့ နည်းတူ ဇာတ်ခုံပေါ် တက်သွားလိုက်တော့သည်။

"နှမကလေး ထွင်းအက္ခရာရဲ့ အကအလှကတော့ ရင်သပ်ရှုမောဖွယ် သိပ်ကောင်းသကိုး...."

ကိုကြီးငမှေးက စ၍ စကားစလိုက်တော့သည်။

"ဘာတဲ့ နှမလေးတဲ့...ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်ပါအုန်းကွာ...မြေးမလေးလို့ ခေါ်ရင်တောင် ဟုတ်တုတ်တုတ်..."

ကိုကြီးသာကူက မကျေမနပ်ဆိုလေ၏။

"မြေးမလေး ထွင်းအက္ခရာ....အာ...မဟုတ်သေးပါဘူးကွာ...."

ကိုကြီးငမှေးက ယောင်တောင်ပေါင်တောင်ဖြင့် သံယောင်လိုက်ပုံမှာ ရယ်စရာကောင်းသည်မို့ ပရိသတ်များမှာ ဟားခနဲရယ်တော့၏။

"ကဲ ထွင်းအက္ခရာ....အစ်ကိုကြီးတို့ကို နာမည်ခေါ်ပါအုန်းလားလို့...."

ကိုကြီးငွေခဲမှာ လည်တွင် တင်ထားသော ခေါင်းပေါင်းစအား လုံးချေနေရင်း ရှက်ကိုးရှက်ကန်းပြောနေသည်ကြောင့် ကိုကြီးရှမ်းလေး၏ ကျောပြင်အား ဗြောတင်ခြင်းကို ခံလိုက်ရတော့သည်။

"အစ်ကိုကြီးလို့ ခေါ်ခံချင်သပေါ့...ကိုယ့်အသက်ကိုယ်ကြည့်အုန်း...ထွင်းအက္ခရာ သည်က အစ်ကိုကြီးကို အရင်ခေါ်နော်...."

စပ်ဖြဲဖြဲ ပြီတီတီဖြင့်ပြောရင်း အစ်ကိုထွင်းအနားတိုးကပ်လာသော ကိုကြီးရှမ်းလေးအား တွန်းထုတ်လိုက်ကာ တစ်ခေတ်မောင်တစ်ယောက် အစ်ကိုထွင်းဘေးတွင် နေရာဝင်ယူလိုက်တော့သည်။

"သည်က မောင့်ကို အရင်ခေါ်နော်...."

ထိုစကားမှာ အငြိမ့်တိုက်စဥ်က မပါပါချေ။ ထို့ကြောင့် အစ်ကိုထွင်း၏ မျက်နှာမှာရဲခနဲ။ အငြိမ့်တိုက်စဥ်က မပါဝင်ကြောင်းလည်း မျက်နှာရိပ်မျက်နှာကဲ ပြနေပါသေးသည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now