၃၈

1.5K 155 91
                                    

Unicode


အကြမ်းရည်အား မော့သောက်လိုက်ပါသော်လည်း ရင်ထဲ နွေးကာမသွားသလို အတွေးရေယာဥ်သည်လည်း ငြိမ်သက်ရပ်တန့်ကာ မသွားချေ။ ကွမ်းတစ်ယာမျှ ပုံမှန်မဝါးရသည့်အခါ ခံတွင်းပျက်လာရ​ခြင်းကြောင့် ဖြစ်ရပေလိမ့်မည်။ မသိမသာဖြင့် သက်ပြင်းခိုးချလိုက်မိ၏။

ရသဆိုသည့် သူသည် 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့၏ ဇာတ်ဆရာ။ တစ်နည်းဆိုရလျှင် ဦးဆောင်ဦးရွက်ပြုနေရသူ၊ ရှေ့ဆောင်နွားလားတစ်ဦးဖြစ်လေ၏။ သူသာ လမ်းလွဲချော်သွားပါလျှင် အခြားသော အဖွဲ့သားများသည်လည်း လမ်းလွဲသွားနိုင်လေသည်။

ဤအခြေအနေ၌ ရသ အတွေးမများဘဲ မနေနိုင်။ အဘယ်သို့သော နည်းလမ်းများဖြင့် ဖြေရှင်းရပါမည်နည်း။ ယခုဆိုလျှင် သူတို့အဖွဲ့အား ကမ်းလှမ်းမှုတို့ မရှိသလောက်ပင် နည်းလာလေပြီ။ အဆိုးဆုံးမှာတော့ ဤအငြိမ့်သဘင်အဖွဲ့ကြီး မငြိမ်မသက်ဖြစ်လာခြင်းပင်။ အဆိုးရွားဆုံးအခြေအနေနှင့်ကြုံတွေ့ရသည့်အခါ ဒဏ်မခံနိုင်သူများက အသီးသီး နှုတ်ဆက်ထွက်သွားကြပြီဖြစ်သည်။ ယခုဆိုလျှင် အဖွဲ့ထဲတွင် လူမစုံနိုင်တော့။ ကျိုးတို့ကျဲတဲဖြစ်ကုန်ကြပြီ။ ထိုသူတို့မှာ ဤအဖွဲ့ကြီး မြေကြီးလက်ခတ်မလွဲ ပြိုကွဲပျက်ဆီးလိမ့်မည်ဟု တရားသေတွေးကာ ကိုယ်လွတ်ရုန်းသွားကြပြီ။ ဤအငြိမ့်အဖွဲ့ဝင်များအဖြစ် ဤအဖွဲ့၏ ပြဿနာအား ကူညီညာ၍ ဖြေရှင်းပေးခြင်းမရှိကြတော့ချေ။

ဒုတိယ္မိသက်ပြင်းချမိပြန်၏။ ဤအခြေအနေအား ဇာတ်ဆရာတစ်ဦးအနေဖြင့် ဤသို့ထိုင်ကာ တွေးနေငေးနေဖို့ မသင့်ကြောင်း သူသိပါ၏။ သို့ပေသော်လည်း သူမည်သို့များ လုပ်ဆောင်နိုင်ပါမည်နည်း။ ယခုဆိုလျှင် သူတို့အငြိမ့်အဖွဲ့၏ အခရာ 'ထွင်းအက္ခရာ'သည်လည်း ဆေးရုံခန်းထဲမှပင် ကိုယ်ထူကိုယ်ထ လှုပ်ရှားသွားလာခြင်းမပြုနိုင်။ ဤပုံစံဖြင့် နောက်တစ်ဖန် အငြိမ့်ကဖို့ရန်မဖြစ်နိုင်။ အက္ခရာ၏ တာဝန်ခံဆရာဝန် ထူးမော်သည်လည်း အငြိမ့်မကရန် အပြင်းအထန် တားမြစ်ထားသေးသည်။

ဤအဖွဲ့သည်ကား 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့ဖြစ်သလို ဤအဖွဲ့၏ ပြယုဂ် ထွင်းအက္ခရာသာ မရှိပါလျှင်လည်း ဤအဖွဲ့မှာ တည်နိုင်မည်မဟုတ်။ သို့ဆိုလျှင် အငြိမ့်သဘင်လောက၌ နှစ်ပေါင်းများစွာ ထိပ်တန်းအဖြစ် နေရာယူခဲ့သော 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့သည် အပြတ်ပြတ်နှင့် နှာခေါင်းသွေးထွက်ကာ အတုံးအရုန်းလဲနိုင်ချေရှိနေ၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now