၁၄

1.9K 236 177
                                    

Unicode

ပြင်ဦးလွင်မြို့ မြို့မျက်နှာဖုံး သူဌေးများ၏ အလှူပွဲမှာ မြို့တွင်းလူများ ပါးစပ်ဖျားတွင် ဟိုးလေးတကျော်ကျော်ဖြစ်လို့နေ၏။ ထိုအလှူပွဲကြီးတွင် နွမ်းဖတ်သည့် လူများကိုပါ ကျွေးမွေးသွားမည်ဖြစ်သည်ကြောင့် မြို့ခံများမှာ ပျော်မဆုံးဖြစ်နေကြသည်။ ညအချိန် သဘင်ပွဲအချိန်တွင်လည်း အခကြေးငွေ တစ်ပြားသားမှ ပေးစရာမလိုဘဲ ဝင်ရောက်ကြည့်ရှုဆင်နွှဲနိုင်ပေအုန်းမည်လေ။ ထိုကဲ့သို့သော အလှူပွဲကြီးမှာလည်း ၃ရက်ဆက်တိုက်ပေမို့ မြို့ခံလူများအကြား ပြောမဆုံးသည့် ပြောစကားဖြစ်နေတော့ကာ ထိုသတင်းသည်လည်း နီးစပ်ရာ မြို့ရွာများအထိ ပျံ့နှံ့သွားကာ ပြင်ဦးလွင်မြို့မျက်နှာဖုံး သူဌေးများ အဖွဲ့အား ချီးကျူးမဆုံးဖြစ်နေကြသည်။

"ထွင်းအက္ခရာ"အငြိမ့်အဖွဲ့သားများမှာ အနားနေတတ်ကြသူများ မဟုတ်ကြ။ သို့ကြောင့် အလှူပွဲလုပ်မည့်နေ့တွင် မိုးစင်စင်မလင်းခင်ကပင် လိုအပ်သည်များကို ဝိုင်းဝန်းကူညီပေးကြလေသည်။ ဆောင်းဥတု ပြင်ဦးလွင်မြို့၏ အအေးဒဏ်သည်လည်း ကူညီချင်ဇောသန်နေသူတို့အား မဟန့်တားနိုင်ခဲ့ကြပါ။ မြို့ခံများမှာလည်း မနက်မလင်းခင်ကတည်းက ဘုန်းကြီး​ကျောင်းသို့ ရောက်ရှိလာကြကာ ဝိုင်းဝန်းကူညီနေကြသည်မို့ ခရီးပိုတွင်လေ၏။ 'ပြိုင်တူတွန်းလျှင် ရွေ့နိုင်၏' ဆိုသည့်အတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ကူညီပေးကြလေတော့ အလုပ်ပိုမိုတွင်သည်လေ။

တစ်ခေတ်မောင်သည်လည်း ထင်းခွဲပေးလိုက်၊ ရေဆွဲပေးလိုက်နှင့် အလုပ်ရှုပ်နေလေတော့သည်။ သူ့မယ် မချမ်းနိုင်သည့်အပြင် ချွေးတစ်လုံးသံတစ်လုံးနှင့်။ ထင်းတုံးကြီးအား ပေါက်ဆိန်ဖြင့် တစ်ချက်တည်း ပေါက်ခြမ်းလိုက်ပြီး နှဖူးပေါ်တွင် ကပ်တင်နေလေသော ချွေးတို့ကို လက်ခုံဖြင့် သုတ်နေမိ၏။ ထိုမြင်ကွင်းအား ကြက်သွန်ခွာနေလေသော အငြိမ့်သမတစ်သိုက်နှင့် မြို့ခံအမျိုးသမီးများက မျက်တောင်မခတ်တမ်း ငေးနေကြတော့သည်။

"ကြက်သွန်သွက်သွက်ခွာကြရအောင်...ပြီးရင် ဘူးသီးလည်း စိတ်ရအုန်းမယ် မဟုတ်လား...ညီမလေးတို့...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now