၁၆

1.8K 225 83
                                    

Unicode

သူဌေးလေး လွှတ်ပေးလိုက်သော မော်တော်ကားသည် ငြိမ့်ငြိမ့်ညောင်းညောင်းရှိလှသော်လည်း ထွင်းအက္ခရာ၏ ရင်အစုံတို့ လေးလံလို့နေလေ၏။ အမှန်ဆို သူလက်မခံချင်ခဲ့ပါ။ ဆရာရသနှင့် အငြိမ့်သဘင်အဖွဲ့ကြောင့်ဟူသော အတွေးကြောင့်သာ သူလက်ခံမိခြင်း။ ယခုဆိုလျှင် အငြိမ့်သဘင်အဖွဲ့များမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့အပြိုင်အဆိုင် ပေါ်ထွက်လာလေသောကြောင့် ကပြဖျော်ဖြေခနှစ်ဆ ရမည့်အရေး သူလက်မလွှတ်ချင်။ ယခုဆိုလျှင် သူတို့ သဘင်အဖွဲ့တွင် အဖွဲ့ဝင်သစ်အဖြစ် တစ်ခေတ်မောင်ပါဝင်လာသည်မို့ သူ မငြင်းဆန်နိုင်ခဲ့သည်ဆို ပိုမှန်မည်။ တစ်ခေတ်မောင်အတွက်ဟု စဥ်းစားမိလျှင် ယခုကဲ့သို့ လက်ခံမိခြင်းအပေါ် မှန်ကန်သည်ဟု မိမိကိုယ်ကို ထင်ကြေးပေးနေမိတော့သည်။

"အစ်ကိုအက္ခရာ...သွားရတာ အတော်ဝေးတာပဲနော်....မွှေးဖြင့် စိတ်ထဲ မသက်မသာရှိလိုက်တာ...."

ညီမငယ်မွှေးမှာ ထွင်းအက္ခရာအား အားကိုးတကြီး ပြောဆိုလာလေသည်။ ညီမငယ်အား သူမည်သို့ အားပေးရပါ့။ သူကိုယ်တိုင်သည်လည်း တုန်လှုပ်ကြောက်လန့်နေရသည်မို့ ညီမငယ်ကလေးအား မည်သို့ အားပေးနှစ်သိမ့်ရမည်ကို မသိဖြစ်နေ၏။ သို့သော်လည်း ထွင်းအက္ခရာသည် အငြိမ့်သဘင်အဖွဲ့၏ ခေါင်းဆောင်မင်းသမီးဖြစ်သည့်အပြင် အစ်ကိုတစ်ဦးလည်း ဖြစ်သည်မို့ ညီမငယ်အား အားပေးနှစ်သိမ့်ရပေအုန်းမည်။

"မကြောက်နဲ့နော် ညီမမွှေး....ညီမဘေးမှာ အစ်ကိုလည်း ရှိနေမှာပဲလေ...."

သူဌေးလေး၏ စံအိမ်ထံ သွားရပေမည်မို့ သူ့မယ် အမျိုးသမီး အဝတ်အစားများကို ဝတ်ဆင်ထားရသေးသည်။ ယခုကဲ့သို့ အမျိုးသမီး အဝတ်အစားများဝတ်လျက် ဟန်ဆောင်နေရခြင်းသည် သူ့အား တစ်မျိုးတစ်ဖုံ စိတ်အနှောင့်အယှက်ပေးနေမြဲဖြစ်သည်။

ညသည်လည်း တဖြည်းဖြည်းနက်လာကာ အအေးဓာတ်သည်လည်း ကဲလာတော့သည်။ သူဌေးလေး၏ စံအိမ်သည် ဘုန်းကြီးကျောင်းနှင့်အတော်လှမ်းပေ၏။ နာရီဝက်မျှအကြာတွင်တော့ မော်တော်ကားကလေးသည် အဆင်သင့် ဖွင့်လှစ်ပေးထားလေသော ခြံဝန်းကြီးထဲသို့ ချိုးကွေ့ဝင်သွားတော့သည်။ ထိုခြံဝန်းကြီးမှာ ပြင်ဦးလွင်မြို့ ကုန်းမြင့်တစ်ခုပေါ်တွင် ထီးထီးမားမားကြီး တည်ရှိနေခြင်းဖြစ်၏။ ထိုခြံဝန်းကျယ်ထဲသို့ ချိုးကွေ့ဝင်သွားသည်နှင့် ထွင်းအက္ခရာထံ၌ စိုးရိမ်စိတ်တို့ ပိုတိုးလာခဲ့လေသည်။ မော်တော်ကားကလေးမှာ စံအိမ်ကြီးရှေ့တွင် တိခနဲ ရပ်သွားလေတော့သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now