၂၀

1.9K 218 85
                                    

Unicode

"နားတာလည်းနားကြ...ပုရိသတ်တွေဆီက စာတွေလည်း ဖတ်ပြမယ်ဟေ့!!!!"

ဆရာရသထံမှ စကားသံအဆုံး လူအများမှာ ကွပ်ပျစ်ကျယ်ကြီးပေါ် ရုတ်ရုတ်သဲသဲနေရာယူလာတော့သည်။ တစ်ခေတ်မောင်တို့ကတော့ ကွပ်ပျစ်ပေါ် မထိုင်ရလည်း ကိစ္စမရှိသူတွေမို့ အရေးတယူလုပ်၍ နေရာလုမနေပေ။ လွတ်သည့်မြေပြင်တွင် ဖိနပ်ဖင်ခုထိုင်မည်သာ။ အသက်အရွယ်ကြီးသူများနှင့် အမျိုးသမီးများမှာတော့ ကွပ်ပျစ်ပေါ်တွင် အသီးသီးနေရာယူပြီးနေပြီ။ တစ်ခေတ်မောင်မှာလည်း ကိုယ့်ဖိနပ်ကိုယ်ဖင်ခုထိုင်လို့ ဒူးနှစ်ဖက်ကို ဖြစ်သလိုထောင်ကာ လက်ဖြင့်ပွေ့လျက် အဆင်ပြေနေလေပြီ။

"သည်ဘေးမယ် ထိုင်လို့ရတယ်မဟုတ်လား...."

ချိုမြကြည်လင်လေသော အသံကလေးကြောင့် မော့ကြည့်မိလေ၏။ သည်တစ်လျှောက်လုံး နီးလျက်ဝေးနေရပါသော ချစ်ရသူ၏ မျက်နှာနုနုမှာ ကြည်လင်သန့်ရှင်းစွာ ကြိုဆိုနေပါ၏။ အသေအချာစကားမဆိုဖြစ်သည့် သည်ရက်တွေအတွင်း အစ်ကိုထွင်းမှာ အနည်းငယ် ပိန်ကျသွားသလိုပင်။ ဘာကြောင့်များ ပိန်သွားသလဲ မသိသော်ငြား အစ်ကိုထွင်းဆိုလျှင် အပွန်းအပဲ့မခံနိုင်သော တစ်ခေတ်မောင်တစ်ယောက် ရင်တွင် ဟိုက်ခနဲ မောသွားရသည်။

"ပြန်မဖြေလည်း ထိုင်ပြီနော်...."

ပြောပြောဆိုဆိုဖြင့် သူ့နံဘေးတွင် ဝင်ထိုင်လေသော အစ်ကိုထွင်းအား မျက်တောင်မခတ်တမ်းငေးနေမိတော့သည်။ ဖိနပ်ကလေးဖင်ခုထိုင်ဖို့အရေး သူ့ကတ္တီပါအသစ်ကလေး ညစ်ပတ်သွားမည်ကို စိုးရိမ်နေပုံရ၏။ ကုန်းကုန်းကွကွဖြင့် သူတစ်ဦးတည်း ထိုင်မရ၊ ထမရဖြစ်နေ၏။ တစ်ခေတ်မောင် သူဖင်ခုထိုင်ထားသော ဖိနပ်ကို ထုတ်မပေးချင်ပါ။ သူ့ဖိနပ်ကလေးမှာ အမြင်ဆိုးရွားလှသည်အထိ စုတ်ချာနေပြီမဟုတ်လား။ သူက အဘယ်သို့များ မျက်နှာပြောင်တိုက်၍ ပိုးကလေးလိုဥထားသူထိုင်ဖို့ရာ သူ့ဖိနပ်စုတ်အား ထုတ်ပေးနိုင်မည်နည်း။

အစ်ကိုထွင်းမှာလည်း တစ်ဦးတည်း ယောက်ယက်ခတ်လို့ကောင်းတုန်းပင်။ မြေပြင်ပေါ် သည်အတိုင်းပစ်ထိုင်ရနိုးနိုး၊ အောကတ္တီပါအသစ်ကလေးကိုပဲ ဖင်ခုထိုင်ရနိုးနိုးဖြင့် အတွေးများလျက်။ အစ်ကိုထွင်း၏ ခြေလက်အသွယ်သွယ်မှာ သန့်ရှင်းလှပ၏။ ခြေသည်းကလေးများအစ ကြည်လင်နေတတ်သည်။ သည်လိုအလှအပမျိုးနှင့် ညစ်ပတ်သော မြေပြင်ကြီးမှာ မတန်ရာလှ။ ဥပမာပြရလျှင် မြေပြင်ကြီးနှင့်တူသော တစ်ခေတ်မောင်နှင့် အစ်ကိုထွင်းမှာ မတန်သလိုပင်။ တစ်ခေတ်မောင် သူ့ထပ်အင်္ကျီအကွက်စိပ်အား ချွတ်လိုက်ကာ ဘာဘာညာညာမပြောဘဲ အစ်ကိုထွင်း ထိုင်နိုင်ဖို့ရာ မြေတွင် ချခင်းပေးလိုက်သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now