၁၀

2.1K 263 38
                                    

Unicode

"သည်မှာ တစ်ခေတ်မောင် ငါပြောပြမယ်....ငွေတိုးချေးစားရတာလဲ မလွယ်ဘူးကွ..အစ်!!!.ဝါသနာပါလို့သာ လုပ်နေတာ အစ်!!!...အဲ့လိုသာမဟုတ်ရင် အစ်.!!!...လုံးဝမလုပ်ဘူး...."

ကိုကြီးငွေခဲမှာ တအစ်အစ် လေတက်လျက် အာလေးလျှာလေးဖြင့် ရောက်တတ်ရာရာပြောနေသည်များကို တစ်ခေတ်မောင် နားထောင်နေရသည်။ ထန်းရည်ဆိုလျှင် အနံ့ပင် ခံဖူးသူမဟုတ်တာကြောင့်သော်လည်းကောင်း၊ ထန်းရည်မူးနေသော အစ်ကိုကြီးလေးယောက်အား တစ်ဦးတည်းအားဖြင့်ထိန်းကာ အိမ်ပြန်လာနေရခြင်းကြောင့်သော်လည်းကောင်း တစ်ခေတ်မောင် မျက်နှာကြီးမှာ ယခုပင် ပြိုကျတော့မည့် မိုးလိုပင်။

"ဟုတ်ပါပြီ ကိုကြီးငွေခဲရယ် တိုးတိုးသက်သာလုပ်ပါဗျာ.....လူကြားမကောင်း လျှောက်အော်မနေပါနဲ့ဗျာ....."

"ဘာကွ!!! တစ်ခေတ်မောင်....ဘာလဲ မင်းက သည်လူအိုကြီးတွေကို ငြိုငြင်လေသလား ပြောစမ်း...."

"မဟုတ်ရပါဘူး ကိုကြီးငမှေးရာ...."

ခေါင်းငိုက်စိုက်ကျကာ ခြေသိုင်းကွက်ကျနင်းနေလေသော လေးယောက်သားအား မနိုင့်တနိုင့် လိုက်ထိန်းနေရသည်။ ထို့အပြင် ထန်းရည်မူးကာ ရစ်နေသည်ကိုလည်း ခံနေရသေးသည်။ တစ်ခေတ်မောင်တစ်ယောက် သိပ်ကို ကံတက်နေပါ၏။

"ဗြဲ!!!!!...."

"ဟောဗျာ!!!! ကိုကြီး ရှမ်းလေး လမ်းလည်ခေါင်ကြီးမှာ ထိုင်မချနဲ့လေ!!!!"

တစ်ခေတ်မောင် ထိုင်သာငိုချချင်တော့သည်။ ကိုကြီးရှမ်းလေးမှာ လမ်းလည်ခေါင်တွင် ထိုင်ချကာ ဗြဲခနဲ ငိုနေတော့၏။ ငိုသည်ဟုဆိုရာတွင် မျက်ရည်မထွက်ပါချေ။ ဗြဲခနဲသာ အော်ဟစ်နေခြင်းဖြစ်သည်။ ညနေနေကွယ်ချိန်လည်းဖြစ်ပြီး လူခြေတိတ်သော ရပ်ကွက်ဖြစ်သည်ကြောင့်သာ တော်ရော့သည်။ မဟုတ်လျှင်တော့ ဤထန်းရည်မူးသမားများနှင့် တစ်ခေတ်မောင်၏ အဖြစ်မှာ လွယ်ကူမည်မဟုတ်။

"ဟာ ဟိတ်ကောင် ရှမ်းလေး....မင်းက ဘာကိစ္စ ထငိုရသလဲကွ....."

ကျန်လေးယောက်သားမှာလည်း ကိုကြီး ရှမ်းလေးဘေး တစ်ဖက်တစ်ချက်စီ ဆောင့်ကြောင့်ထိုင်ချကြပြီး အစ်အောင့်မေးကြရတော့သည်။ စပ်စုတတ်သည့် ကိုကြီးသာကူက ဦးစွာ မေးလေတော့ ကိုကြီးရှမ်းလေးက အငိုမပြတ်ဘဲ ဖြေ၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now