အဆုံးသတ်မဟုတ်လေသော အဆုံးသတ်

1.2K 125 96
                                    

Unicode

တစ်ခေတ်မောင် ဖတ်လက်စ သတင်းစာကို ဘေးမှာချလိုက်လို့ ဇီးသီးများဖြင့်အလုပ်ရှုပ်နေသော အစ်ကိုထွင်းထံ တိုးကပ်သွားလိုက်သည်။ အစ်ကိုထွင်း ခါးကိုဖက်လို့ သူ့အရပ်ဂလန်ဂလားကြီးနှင့် ရင်ခွင်ထဲ တိုးဝင်ရသည်မှာလည်းအမောပင်။

"မောင်ရေ...ငံပြာရည်တွေ မောင့်ကိုပေကုန်မယ်လေ..."

တစ်ခေတ်မောင်က ပေကပ်ကာ ဖက်ထားတုန်းပင်။

"ဇီးသီးသုပ်လို့ပြီးရင် အကြိုက်ဖက် ဟုတ်ပလား...."

"အစ်ကိုထွင်းကလည်းဗျာ..."

မောင်က ကလေးကြီးလို အီလို့ မဖယ်ချင်ဖယ်ချင်ဖြင့် ဖယ်ခွာသွားတော့သည်။ မောင်ဖယ်သွားတော့မှ ငံပြာရည်ထည့်ပြီးသော ဇီးသီးဇလုံထဲသို့ သူကိုယ်တိုင် အခြောက်ခံနေလှန်း၍ မှုန့်နေအောင်ထောင်းထားသော ငရုတ်သီးမှုန့်ကို ထည့်လိုက်သည်။

သူလုပ်နေသမျှကို မောင်က ဝါးကုလားထိုင်ကလေးမှာ ထိုင်လို့ မျက်နှာကြီးစူပုပ်ကာ ကြည့်နေ​၏။

"အစ်ကိုထွင်းက နှပ်ချေးတို့ကို မောင့်ထက် ပိုအရေးပေးတယ်..."

မောင့်ပြောစကားကြောင့် ထွင်းအက္ခရာပြုံးချင်သွားရသည်။ မောင်က သူနှင့် ပတ်သက်လျှင် အမြဲကလေးဆန်​၏။ ထိုသို့ ကလေးဆန်နေသည်လေးကိုပင် သူ့မယ် အချစ်ပိုရသည်။

"ပေသလူးကိုကောပဲ..."

ထုတ်တန်းပေါ်က သူ့ဘာသာနေနေသော ပေသလူးကိုမျက်စောင်းထိုးကာ ပြောနေသေးသည်။

"မဟုတ်ရပါဘူး မောင်ရာ...မောင်လည်း ဇီးသီးသုပ်ကြိုက်တယ်မလား...မောင့်အတွက် အရင်ဆုံး သပ်သပ်ဖယ်ထားပေးမှာပေါ့...."

ပြောလည်း ပြော၊ ဘေးမှ ကြွေပန်းကန်လုံး သန့်သန့်လေးထဲသို့ မောင့်အတွက်ဟူ၍ ဖယ်ထည့်လိုက်သည်။ ကလေးလည်း မဟုတ်ပါဘဲ သူ့အား စိတ်ကောက်နေသော မောင့်ကိုလည်း ပြုံးကာချော့ရသေးသည်။

"မောင်က အမြဲ ပထမဦးစားပေးပဲလေ..."

ထိုစကားကို ကြားကာမှ မောင်က ခိုးပြုံးသည်။ မောင်ခိုးပြုံးနေသည်ကိုလည်း ထွင်းအက္ခရာက မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now