၃၂

1.4K 141 39
                                    

Unicode

ရန်ကုန်မြို့မှ စုပေါင်းအငြိမ့်ပွဲဆိုသည်မှာအခြားမဟုတ်။ ကျော်ကြားသည်ဖြစ်စေ၊ မကျော်ကြားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ ရှိရှိသမျှသော ၊ အစုံစုံသော အငြိမ့်အဖွဲ့များအား ခေါ်ယူကာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကပြဖျော်ဖြေရသည့်ပွဲကြီးဖြစ်လေသည်။ ထိုပွဲအား ရန်ကုန်မြို့လည်တွင် ရုံကြီးသီးသန့်ဆောက်ပေးကာ ကျင်းပပေးလေ့ရှိ၏။

ပွဲ၏ ရည်ရွယ်ချက်မှာ တစ်စတစ်စ လူကြိုက်နည်းချင်လာသော အငြိမ့်ပွဲများအား မမေ့ပျောက်သွားစေဖို့ရာဖြစ်သည်။ ထို့အပြင် မြန်မာ့အငြိမ့်သဘင်လောကသားများအား တစ်စုတစ်စည်းတည်းဖြစ်စေချင်၍ဖြစ်သည်။ မြန်မာ့ အငြိမ့်အဖွဲ့များမှာ အပြိုင်အဆိုင်များသည်။ မြန်မာဆိုသည့်အတိုင်း ပြိုင်ရဆိုင်ရမှ ကျေနပ်ကြသည်လေ။ သူ့အဖွဲ့ကို မငှားလို့ ကိုယ့်အဖွဲ့ကို မငှားလို့ဆိုပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်စောင်းနေခြင်းများရှိတတ်ကြသေးသည်။

ကိုယ့်အဖွဲ့မဟုတ်ဘဲ အခြားအငြိမ့်အဖွဲ့သားများ တွေ့ပါလျှင်မူ မျက်စောင်းပေါ်တင်ထိုးတတ်ကြသေးသည်။ သူ့ထက်ငါ ပို၍သာလေအောင်၊ သူ့ထက်ငါ ပို၍လှလေအောင်၊ သူ့ထက်ငါ ပို၍ကျော်ကြားလေအောင်ဟူသော 'သူ့ထက်ငါ အနိုင်ရလိုစိတ်'များ ကြီးထွားကာ မြန်မာ့အငြိမ့်လောကကြီးမှာ မငြိမ်းချမ်းလှ။ သို့အတွက် နိုင်ငံမှ ဦးဆောင်၍ 'စုပေါင်းအငြိမ့်ပွဲ'ဟုဆိုကာ ပြင်ဆင်ကျင်းပပေးကြခြင်းဖြစ်သည်။

ထိုပွဲ၌ တစ်နေ့လျှင် သုံးဖွဲ့လောက်တော့ ပြီးအောင်ကလေ့ရှိသည်။ ထိုသို့ စုပေါင်းအငြိမ့်ပွဲကျင်းပပြီဆိုလျှင် ပွဲခင်းအတွင်း ပရိသတ်က နည်းနည်း အခြားအဖွဲ့ဝင်များက ခပ်များများရယ်။ ဘာ့ကြောင့်ဆို ဘယ်သူက ဘာအားနည်းကြောင်း၊ ဘယ်သူကတော့ ဘာအားသာကြောင်း၊ ဘယ်အဖွဲ့ကတော့ ဘယ်လိုလိုအပ်ချက်ရှိကြောင်းတွေကို မျက်စေ့ဒေါက်ထောက်၍ လာရောက်ကြည့်ရှုကြခြင်းပင်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမုန်းမပွားစေဘဲ စုစုစည်းစည်းဖြစ်စေဖို့ရာ ရည်ရွယ်ပါသော်လည်း အရာမရောက်ဖြစ်ရတော့၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now