၁၂

2.1K 227 54
                                    

Unicode

နေမပွင့်သေးပါသော်လည်း 'ထွင်းအက္ခရာ' အငြိမ့်သဘင်အိမ်ကြီးသည် လူများစွာဖြင့် အလုပ်ရှုပ်နေကြသည်။ ပြင်ဦးလွင်အထိ ခရီးနှင်ကြရမည်မို့ လှုပ်လှုပ်ရှားရှားဖြစ်နေကြခြင်းဖြစ်ပေသည်။ တစ်ဖက်သဘင်အိမ်မှ အငြိမ့်သမ မှန်သမျှသည်လည်း စောစီးစွာ စုဝေးရောက်ရှိနေကြသည်။ သဘင်ပစ္စည်းပစ္စယာများအား သယ်ဆောင်မည့် အမိုးမဲ့ကုန်တင်ကားကြီးသည် သဘင်အိမ်ခြံကြီးအတွင်း ဖင်ထိုးရပ်တန့်ထားလေသည်။

"အဝတ်သေတ္တာတွေ တင်မယ်ဗျို့....အငြိမ့်သမသေတ္တာတွေကို အောက်မှာ ထားမှာမို့ အရင်ပေးကြ...."

ကုန်တင်ကားပေါ်တွင် ဒိုင်ခံနေရာချနေသည့် လူကြီးမှ အော်ဟစ်ပြောလာသည်။ ထိုအခါ အငြိမ့်သမများ သယ်ဆောင်လာသော အဝတ်သေတ္တာများကို တစ်ယောက်တစ်လက် ဆင့်ယူ သယ်တင်ပေးကြသည်။ ထွင်းအက္ခရာ၏ အဝတ်သေတ္တာသည် ခေါင်းဆောင်မင်းသမီး၏ သေတ္တာဖြစ်သည်ကြောင့် သာမန်လူတို့ထက် အရွယ်ပိုကြီးကာ ထောင့်ဆုံးတွင် နေရာယူလေ၏။

"ဇာတ်စင်ပစ္စည်းတွေ တင်ပြီးပလား ငတုတ်.....အလှဆင်မဲ့ ပစ္စည်းတွေကော ပြည့်ပြည့်စုံစုံပါရဲ့လား...မီးသီးတွေရော စုံပြီလား...."

"စုံပ ဆရာရသရေ... ဦးဆုံး တင်ထားတာဗျ...."

"ဟုတ်ပြီ ဟုတ်ပြီ ငတုတ်.... သေချာလုပ်...."

ကုန်တင်ကားပေါ်သို့ ဒိုင်ခံ ပစ္စည်းထမ်းတင်ရသူမှာတော့ ငယ်ရွယ်ဖျတ်လတ်သည့် တစ်ခေတ်မောင်ပင်။ ဘယ်ပစ္စည်းဖြစ်ဖြစ်၊ ဘယ်သေတ္တာလာလာ ပုခုံးထမ်းတင်ပေးရပြီး ဦးငတုတ်ဆိုသူကတော့ ဒိုင်ခံနေရာချနေရသည်။

"ကဲ သေတ္တာပေးလေ အမိတို့...ဘာကြောင်ငေးနေတာလဲဗျ..."

"ဟို...ဟို..."

သေတ္တာကမ်းပေးဖို့ရာ တွန့်ဆုတ်နေသော အရံအငြိမ့်သမကလေး သုံးဟောက်။ တစ်ခေတ်မောင်မှာ နှဖူးထက်မှ ချွေးသီးများကို လက်ခုံဖြင့် ပွတ်သုတ်လိုက်လျက် ကြည့်နေမိသည်။

"ကျွန်မတို့ သေတ္တာတွေက ထမိန်တွေနဲ့တော့....ဖြစ်ပါ့မလား...ဘုန်းတွေကံတွေ နိမ့်ကုန်မှဖြင့်...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now