၂၅

1.8K 188 66
                                    

Unicode

ဆောင်းရာသီဆိုလျှင် ရာသီဥတုမှာ မယ်မယ်ရရ မှန်ကန်သည်မရှိ။ မနက်မိုးလင်း နေမထွက်ခင်ဆိုလျှင် စိမ့်နေအောင် ချမ်းတတ်ကာ နေထွက်လာပြီဆိုသည်နှင့် ပြင်းစွာပူတတ်သည်။ ညနေနေကွယ်ချိန်တွင်တော့ အပူချိန်ပြန်ကျသွားကာ အေးစိမ့်စိမ့်လေးဖြစ်တတ်သည်။ တစ်ခေတ်မောင်မှာ အစ်ကိုထွင်းကိုယ်တိုင် ပြန်လည်လျှော်ဖွပ်ပေးထားသော အကွက်စိပ်အပေါ်ထပ်အင်္ကျီကလေးအား ဝတ်ဆင်ထားလျက် ချမ်းအေးမှုကို အံတုရန် လက်ကိုတင်းနေအောင် ပိုက်ထားလေသည်။

ဆောင်းလေအေးတို့မှာ ခပ်ကြမ်းကြမ်းတိုက်ခတ်နေပြီး အိမ်ခေါင်းရင်းမှ စံပယ်ရုံကလေးသည်ပင် ဟိုယိမ်းသည်ယိမ်းဖြင့် ကကြိုးဆင်နေ၏။ ထိုစံပယ်ရုံကလေးရှိ မနက်ဖြန်ပွင့်မည့် စံပယ်ဖူးကလေးများမှာ ဖြူလွှလွှဖြင့် ဟိုတစ်စုသည်တစ်စု ရှိနေကြလေသည်။ မနက်ဆိုလျှင် ခူးမလောက်အောင်ပင် ပွင့်ချည်တော့မည်ဟု တွေးမိရင်း တစ်ခေတ်မောင် ဖျတ်ခနဲပြုံးမိပါ၏။ စံပယ်တွေ များများပွင့်ပါလျှင် အစ်ကိုထွင်းအတွက် တစ်ဝကြီး သီကုံးပေးမည်ဟု တွေးထားသည်။

*မောင့်အချစ်တွေကိုသာ စံပယ်ငုံတွေအဖြစ် ဖန်ဆင်းပြီး သီကုံးပါလျှင် လကမ္ဘာထိပင် ကြိုးတန်းသွယ်နိုင်လိမ့်မယ် ထင်ပါရဲ့ အစ်ကိုထွင်း....*

အစ်ကိုထွင်းကို မည်မျှ မြတ်နိုးချစ်ခင်မိကြောင်း ကာယကံရှင် သူကိုယ်တိုင်မှ လွဲ၍ မည်သူသိနိုင်ပါမည်နည်း။ သူ့အချစ်တွေကို စာဖွဲ့ပြပါလျှင်လည်း စာဖွဲ့ပြသလောက်သာ နားလည်နိုင်ကြလိမ့်မည်။ အလုံးစုံတော့ သိနိုင်လိမ့်မည်မဟုတ်။ တစ်ခေတ်မောင်တစ်ယောက် ခပ်တိုးတိုးရယ်မိပြန်သည်။ သူ အဘယ်ချိန်ကများ သည်လောက်ထိ ကဗျာဆန်စာဖွဲ့တတ်သွားသနည်း။ တစ်ခေတ်မောင်မှာ သာမန် အညာသားကလေးဖြစ်သည့်အပြင် ဘုန်းကြီးကျောင်းသားကလေးသာဖြစ်သည်ကြောင့် သူ့ဘဝသည် လွန်စွာ ရိုးရှင်းခဲ့သည်။

လူပြက်တစ်ဦးအဖြစ် စင်ပေါ်ရပ်နိုင်ဖို့ရာ သူ့ရည်မှန်းချက်ဆိုပေသော်လည်း ဆရာကြည်၏ သနပ်ခါးခြံကလေးထဲတွင် သူ့ဘဝကလေးအား မြှုပ်နှံထားရင်း ထိုရည်မှန်းချက်ကလေးမှာ ပျောက်ချင်းမလှပျောက်ရှနေခဲ့၏။ ဆရာကြည်နှင့်အတူ ဆရာတပည့်နှစ်ဦး ဒိုးတူဘောင်ဘက်အလုပ်ကြိုးစားကြရင်း ​မွေးရပ်မြေရွာကလေးတွင် အေးချမ်းစွာ နေထိုင်မည်။ ဆရာကြည့်ထံ ပေးပို့လာသော ဒေါ်ငွေခင်၏ ပိုးစာပန်းစာများကို တစ်ခေတ်မောင်မှာ ကြားကဖြတ်၍ လုမည်။ သူ့နေ့ရက်တွေဟာ ရိုးရှင်းနေပေလိမ့်မည်။ အသက်အရွယ်ရလာသည့်အခါ ငယ်စဥ်က ကြီးပြင်းခဲ့သည့် ရွာဘုန်းကြီးကျောင်းကလေးတွင် ဘုန်းကြီးဝတ်ရင်း သာသနာ့အကျိုးသယ်ပိုးမည်။ ဤသည်များမှာ သူ၏ ကြိုတင်မှန်းဆချက်များဖြစ်၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now