အချပ်ပို

1.8K 164 91
                                    

Unicode

ပြက္ခဒိန်အနွမ်းလေးထက် ခဲခြစ်ထားလေသော နေ့စွဲကလေးအား ပွတ်သပ်ကာ ပြုံးနေမိတော့သည်။ နယုန်လ၏ ပထမဆုံးရက်ဖြစ်သော ယနေ့။ ယနေ့သည်ကား မောင့်မွေးနေ့။ မောင်နှင့်အတူ နေထိုင်ခဲ့သော လေးနှစ်အတွင်း မောင့်မွေးနေ့အား နှစ်စဥ်မပျက် သူကျင်းပပေးခဲ့သည်။ မကြီးမားသော်ငြား အမှတ်တရဖြစ်စေမည့်နည်းလမ်းများဖြင့် မောင့်မွေးနေ့အား ကျင်းပပေးခဲ့၏။ ဥပမာဆိုရပါသော် ဘုရားအတူတက်၍ ဘုရားအတူဝတ်ပြုတာမျိုး၊ မောင့်အတွက် သိုးမွှေးအင်္ကျီကလေးထိုးပေးတာမျိုး၊ မောင်နှင့်အတူ ဟင်္သာတမြို့ပေါ် လျှောက်လည်တာမျိုးပင်။ မကြီးမားပေသော်ငြား နှစ်စဥ် အမှတ်တရဖြစ်ခဲ့၏။

ယခုနှစ်မွေးနေ့ကိုတော့ မောင်မေ့နေပုံပေါ်ပါ၏။ မနက်လင်းကတည်းက ခြံခေါင်းရင်းထောင့်ရှိ စံပယ်ရုံကိုသာ တသသရှိနေသည်။ တစ်ခါတစ်ရံများဆိုလျှင် ထိုစံပယ်ပင်အား ထွင်းအက္ခရာမျက်စောင်းထိုးမိ၏။ မောင့်ဂရုစိုက်မှုနှင့် မောင့်အချိန်အတော်များများအား ဖဲ့ယူထားသူမဟုတ်ပါလား။ မောင့်အား သက်မဲ့ စံပယ်ရုံနှင့် သဝန်တိုနေမိကြောင်း မောင်သိသွားစဥ်အခါကို ပြန်လည်အမှတ်ရမိ၏။ ထိုစဥ်က မောင်သိပ်ကိုပြုံးရယ်နေခဲ့တာလေ။ အူလှိုက်သည်းလှိုက်ရယ်ရင်း ထွင်းအက္ခရာကို လိုက်စနောက်နေခဲ့တာ။

"အစ်ကိုထွင်းရယ်....မောင့်ကို သက်မဲ့ဖြစ်တဲ့ စံပယ်ရုံကလေးနဲ့တောင် သဝန်တိုတယ်ဆိုတော့ မောင့်ကို သိပ်ချစ်တာပေါ့လေ...."

မောင်က မျက်ခုံးကလေးပင့်ကာ ပြုံးဖြီးဖြီးဖြင့် မေးခဲ့၏။ ထွင်းအက္ခရာမှာတော့ မျက်စောင်းတဝင့်ဝင့်ဖြင့်သာ။

"မောင်က တစ်နေ့တစ်နေ့ အဲ့သည့်စံပယ်ရုံကိုပဲ သနေတာလေ....မောင်ငါ့ကို ချစ်ကော ချစ်သေးရဲ့လား....."

"အိုဗျာ...."

မောင်ကရယ်ပြန်၏။ စံပယ်ရုံ၏ သစ်ရွက်ကလေးများအား ကိုင်တွယ်ကြည့်နေရာမှသည် မျက်နှာ လငမုတ်ဖမ်းနေလေသော ထွင်းအက္ခရာအနားသို့ ရောက်လာကာ ထွင်းအက္ခရာ၏ မေးကလေးအား မောင်က အသာဆွဲမော့ယူ၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now