2.3K 253 15
                                    

Unicode

"ရာ"

ထိုသူက ပြုံးလျက်သာ။ မျက်မှောင်ကြုံ့လျက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသူက တစ်ခေတ်မောင်။ ထွင်းအက္ခရာကို ကြည့်မိတော့ အပြုံးမမည်သော အပြုံးတစ်ပွင့်ကို ပန်ဆင်လျက် ထိုသူ့အား ကြည့်နေလေသည်။

"အဲ့လိုမခေါ်ပါနဲ့လို့ မပြောထားပေဘူးလား....သခင်လေးခင်ဗျ....."

ထွင်းအက္ခရာက အရွှန်းဖောက်သလို ပြောလေတော့ ထိုသူ့အပြုံးတို့ ပို၍ပို၍ ပီပြင်လာလေသည်။

"အကျင့်ဆိုတော့လည်း ဖျက်ရခက်သားလား ရာရယ်....ရာလို့ခေါ်လာတာဖြင့် နှစ်များကြာရောပေါ့....."

ထွင်းအက္ခရာက မတတ်နိုင်သကဲ့သို့ ဖြေးညှင်းစွာ ခေါင်းခါလေသည်။ ထိုသူ၏ အပြုံးတို့သည် သူ၏အကြည့်တို့ တစ်ခေတ်မောင် ကိုင်ဆွဲထားလေသော ထွင်းအက္ခရာလက်ပေါ်သို့ ကျရောက်ချိန်တွင် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

"လက်က ဘာဖြစ်ရသလဲ ရာ..."

မေးလည်း​မေး၊ ပြေးလည်းပြေးကာ တစ်ခေတ်မောင်လက်ကို ဆွဲဖြုတ်လျက် ထွင်းအက္ခရာလက်အား တယုတယကိုင်လေသည်။

"နီနီကိုရဲနေတာပဲ....အပူလောင်သလား....နမော်နမဲ့ နိုင်နေတုန်းလား ရာ....."

"ဘာမှမဖြစ်ရပါဘူးကွာ....နည်းနည်းအပူလောင်သွားရုံပါ....မင်းမေ့သွားလေသလား ငါက ယောက်ျားတစ်ယောက်ပါလေ...."

ထွင်းအက္ခရာက မနေတတ်သလို ထိုလူ့လက်မှ ရုန်းလေ၏။ ထိုနှစ်ဦး၏ အဖြစ်အပျက်ကို တစ်ခေတ်မောင်မှာ အပိုလူကြီးတစ်ဦးနှယ် ဘေး၌နေကာ ကြည့်နေရတော့သည်။ ထိုသူက မြန်မာပုဆိုးအား ခါးပတ်ဖြင့် တွဲဝတ်ထားလျက် နက်ပြောင်သော ရှူးဖိနပ်ကိုလည်း ဝတ်ဆင်ထားသေးသည်။ ဆွတ်ဆွတ်ဖြူနေသော ရှပ်အကျီလက်ရှည်နှင့်ထိုသူသည် ဘိုဆန်ကာ သန့်ပြန့်နေတော့သည်။ တစ်ခေတ်မောင်အလိုလိုနှာခေါင်းရှုံ့မိသည်။ ခေတ်နောက်ကျသည်ဟုပဲဆိုဆို သူကတော့ ထိုကဲ့သို့ မထော်မနန်းဝတ်စားဆင်ယင်ပုံကို သဘောကျမနေပါ။ ရပ်ထဲရွာထဲတွင်သာ နေခဲ့ရသူမို့ ထိုသို့သော ဘိုဆန်ဆန်ဝတ်စားမှုသည် သူ့မျက်လုံးထဲမယ် ကိုးလိုးကန့်လန့်ဝင်နေရော့သည်။ တစ်ခေတ်မောင် သူ့အားကြည့်နေသည်ကို သတိထားမိ၍လားမသိ ထိုသူသည်လည်း တစ်ခေတ်မောင်အား လှည့်ကြည့်လာသည်။ ပြီးနောက် ဟိုလူ့ထံ ပြန်လှည့်သွားပြီး ထိုသို့မေးတော့၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now