၂၆

1.7K 179 40
                                    

Unicode

ဆရာရသ၏ မွေးရပ်မြေရွာကလေးသို့ ညနေနွားရိုင်းသွင်းချိန်တွင် ရောက်ရှိလို့သွား၏။ အဖွဲ့သားများပါသော ကားသည်သာ ရွာထဲသို့ ဝင်လေ၏။ ပစ္စည်းတင်လာလေသော ကားနှင့် ဆိုင်းဆရာကြီးတို့ပါလာလေသော ကားမှာတော့ ငါးမျက်နှာဘုရားရှိ ဘုန်းကြီးကျောင်းသို့သာ တိုက်ရိုက်ဦးတည်သွားလေသည်။ အကြောင်းမှာမူ ရုတ်ရုတ်သဲသဲဖြင့် ရွာထဲမဝင်ချင်သောကြောင့်ဖြစ်သည်။ သူတို့အငြိမ့်အဖွဲ့သည် သာမန်အငြိမ့်အဖွဲ့မဟုတ်သည်ကြောင့် သိုသိုသိပ်သိပ်ဖြင့်သာ တည်းခိုရန် ဆုံးဖြတ်ထားကြသည်။

ဆရာရသ၏ မွေးရပ်မြေရွာကလေးမှာ 'မန်ကျည်းထုံးရွာ'ဟု အမည်တွင်သည်။ ငါးမျက်နှာဘုရားရောက်လျှင် အရှေ့တူရူသို့ အနည်းငယ် ထပ်သွားပါက ထိုရွာကလေးသို့ရောက်သည်။ ရွာမှာ အဝန်းကျယ်သည်။ ရွာအဝင်ဝတွင် အိုမင်းယိုယွင်းနေပါသော အခြေခံကျောင်းကလေးတစ်ကျောင်းမှာ ယိုင်နဲ့နဲ့တည်ရှိ၏။ ရွာသို့ဝင်ဝင်ချင်း မန်ကျည်းပင်ကြီးများကို အတန်းလိုက်မြင်တွေ့ရသည်။ ရွာရှိ အိမ်တိုင်းစေ့သည် ခြံဝန်းထိပ်၌ မန်ကျည်းပင်များ စိုက်ထားခြင်းကြောင့်ဖြစ်၏။ ရွာအဝင်လမ်းမှ တည့်တည့်ဝင်လာ၍ ညာဘက်သို့ ချိုးကွေ့လိုက်ပြီး အနည်းငယ်မောင်းနှင်လိုက်ပါလျှင် တည်းခိုရမည့် အိမ်သို့ ရောက်ရှိလေတော့သည်။

အိမ်ကြီးမှာ အိမ်ကြီးအိမ်သန့်ဖြစ်ပြီး တစ်အိမ်လုံး ရေနံချေးဝနေအောင် သုတ်လိမ်းထားသည်ကြောင့် မည်းညို့နေ၏။ ခြံအဝန်းကလည်း ကျယ်ကာ ရွာရှိ အင်းကျယ်ကြီးအား ကျောပေးဆောက်ထားသည်မို့ ညခင်းလေ တဖြူးဖြူးမှာ အားပါးတရတိုက်ခတ်လို့။ အတော်တည်းခိုလို့ ကောင်းမည့် အိမ်မျိုးဖြစ်သည်။ *အိမ်'သာ'လျှင် ဧည့်လာသည်*ဆိုသည့်အတိုင်း အလွန်သာယာသော ထိုအိမ်ခြံကြီးထဲသို့ တစ်ခေတ်မောင်တို့ ကားကလေးမှာ ဝင်ရောက် ထိုးရပ်လေတော့သည်။ ကားရပ်ပြီဆိုသည်နှင့် ထိုအိမ်ကြီးပေါ်မှ အဖွားအိုကြီးတစ်ဦးမှာ လှုပ်လီလှုပ်လဲ့ဖြင့် ဆင်းလာလေတော့သည်။

သူမမှာ အလျင်စလို ဖြစ်နေပုံပေါ်ပြီး ပြုံးရွှင်နေလေတော့သည်။ သူမ၏ ဆံနွယ်ဖြူရှည်ရှည်များအား ဘီးဆံပတ်ကြီးဖြင့် ထုံးနှောင်ထားကာ ချည်သားခြုံစောင်ကြီးအား ပတ်ထားလေသည်။ သူမက ကားခေါင်းခန်းသို့ ဦးတည်ကာ ခပ်ဖြေးဖြေးသွားသည်။ ခါးအနည်းငယ်ကိုင်းနေသည့် အဖွားအိုမှာ တုတ်ကောက်ကြီးအား အားပြုလျက်တုန်တုန်ရီရီဖြင့် သွားနေလေ၏။ ထိုအချိန်တွင် ဆရာရသမှာလည်း ကားခေါင်းခန်းမှ ထွက်လာလေတော့သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now