2.2K 247 20
                                    

Unicode

မနက်ခင်း သဘင်အိမ်ခြံ၏ခေါင်းရင်း စံပယ်ရုံရှိ သီချင်းသံအေးအေးကို ကြားသည်နှင့် ထွင်းအက္ခရာတစ်ယောက် အိပ်ယာထတတ်လေပြီ။ ထိုသီချင်းညည်းသံအေးအေးကို ပြတင်းပေါက် ခေါင်းပြူကာ တိတ်တဆိတ်နားထောင်ရင်း တစ်နေ့တာကို အစပျိုးတတ်လေပြီ။ တစ်ခါတစ်ရံ သူတွေးမိသည်။ သည်လောက် သီချင်းဆိုရသည်ကို နှစ်သက်သူက အဘယ်ကြောင့်များ လူပြက်ဖြစ်နေရသနည်း။

သူ့အတွေးနှင့်သူမို့ ထွင်းအက္ခရာပြုံးလိုက်မိသည်။ ထိုအချိန်တွင် တစ်ခေတ်မောင်က သူ့ပြတင်းပေါက်နေရာအား လှည့်ကြည့်လာသည်မို့ သူ့မယ်အလျင်အမြန်ပုန်းရှောင်လိုက်ရသေးသည်။ သို့နှင့် အိပ်ယာဘေးရှိ ဖဲကြိုးကလေးအား ကောက်ယူလျက် ဆံနွယ်နက်များအား ဖြစ်သလိုစည်းနှောင်လိုက်ရင်း မျက်နှာသစ်သန့်စင်ဖို့ရာ အောက်ထပ်ဆင်းလာလိုက်သည်။

ရေအပြည့်ဖြစ်နေသော အုတ်ကန်ကြီးနှင့် စံပယ်ရုံမှာ ကပ်လျက်မို့ ထွင်းအက္ခရာ အုတ်ကန်ဆီရောက်ချိန် တစ်ခေတ်မောင်၏ သီချင်းဆိုသံက တိကနဲ ရပ်တန့်သွား၏။ ထွင်းအက္ခရာ အုတ်ကန်ထဲမှ ရေအချို့ကို စတီးရေခွက်ကလေးဖြင့် ခပ်ယူလိုက်ရင်း။

"ဘာလို့ ရပ်လိုက်ရသလဲ တစ်ခေတ်မောင်....သိပ်နားထောင်လို့ ကောင်းနေသည်ကို...."

"သိပ်ကောင်းလှတာ မဟုတ်ပါဘူးဗျာ....."

ထွင်းအက္ခရာ၏ စကားတို့အား တစ်ခေတ်မောင်က ဂုတ်ပိုးကို ပွတ်ကာ ရှက်ရွံ့ရွံ့ဖြေ၏။ ထွင်းအက္ခရာ လက်ထဲရှိ ဆားခဲများဖြင့် သွားတိုက်သန့်စင်လိုက်ပြီးနောက် မျက်နှာသေချာသစ်နေလေ၏။ ဒါကိုလည်း တစ်ခေတ်မောင်တစ်ယောက် မျက်တောင်မခတ်တမ်းကြည့်နေမိသည်။

"မင်းက လက်ဆိတ်ရှိတဲ့သူဆိုတော့ နှင်းဆီလေးလည်း စိုက်သင့်တယ်မဟုတ်လား....အငြိမ့်သမတွေ အငြိမ့်ကတဲ့အခါ ပန်ဖို့ တကူးတက ဝယ်စရာမလိုတော့ဘူးလေ...."

ထွင်းအက္ခရာက သူ့မေးတွင် တင်ကျန်နေသော ရေစက်များကို လက်သွယ်သွယ်များဖြင့် သပ်ချလိုက်ရင်း ပြောလေသည်။ တစ်ဆက်တည်း တစ်ခေတ်မောင်၏ သက်ပြင်းချသံကို ကြားလိုက်ရလေ၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now