၁၅

1.9K 224 107
                                    

Unicode

တစ်ခေတ်မောင်တစ်ယောက် ပြက်လုံးတွေ ပြက်ကာ ဖျော်​ဖြေနေရပေမဲ့ စိတ်ကတော့ မဖြောင့်ချေ။ စင်နောက်ကိုသာ လှည့်တကြည့်ကြည့်ဖြစ်နေလေ၏။ ယခုအချိန်တွင် သူ့စိတ်အစုံသည် သူ၏ ပထမဆုံးပွဲစဥ်ဖြစ်သည့် အငြိမ့်သဘင်ပွဲအပေါ်စိတ်မရောက်နိုင်ဘဲ စင်လိုက်ကာနောက်မှ အစ်ကိုထွင်းအား ငှားရမ်းချင်နေသည့် သူဌေးဆိုသူထံတွင်သာ ကပ်တွယ်ငြိနေသည်။ အစ်ကိုထွင်းကို ချစ်ရသည်မှာ တစ်ခါတစ်ရံ ရင်မောဖွယ်ရာကောင်းပေသည်။ နတ်ဘုရားတို့ ကျရှုံးလောက်မည့် အလှမျိုးအား ပိုင်ဆိုင်ထားသူကို ချစ်မြတ်နိုးရခြင်းသည် မလွယ်ကူလှချေ။

ဇာတ်တစ်ဖြတ်ပြီးပြီမို့ ကတ္တီပါ လိုက်ကာကြီးက တစ်ခေတ်မောင်တို့ရှေ့ ခပ်ဖြေးဖြေးကျလာတော့သည်။ ထိုအခါမှ တစ်ခေတ်မောင် သက်ပြင်းချလိုက်ကာ စင်နောက်သို့ ဝင်ရန် ကြိုးစားလိုက်သော်လည်း ကိုကြီးငမှေးက သူ့ကို ဦးစွာ စကားပြောလာလေ၏။

"တော်တယ် တစ်ခေတ်မောင်....ပထမဆုံး ပွဲစဥ်လို့ မထင်ရလောက်အောင် သိပ်တော်တာပဲ....သို့ပေမဲ့ မင်း စိတ်နဲ့ ကိုယ်မကပ်သလိုပါပဲလား....နောက်တစ်ပိုင်းကျန်သေးတယ်နော်....မိုးလင်းသည်အထိ ဖျော်ဖြေရမှာ....သတိကပ်ထားအုန်း...."

"ဟုတ်ကဲ့ ကိုကြီးငမှေး...."

ယခု မနွယ်နွယ်ကပြဖျော်ဖြေရမည့် အလှည့်ပေမို့ သူ့တွင် သီချင်းတစ်ပုဒ်စာ အချိန်ရလေ၏။ ကိုကြီးငမှေးအား လျင်မြန်စွာ ဖြေပေးပြီးသည်နှင့် စင်နောက်သို့ မပြေးရုံတမယ် ဝင်ရောက်သွားလိုက်သည်။ သူဌေးလေးဆိုသူမှာ ယခုအထိ မပြန်သေးပါ။ စင်နောက် ယာယီတဲကလေးထဲ ဖျာကြမ်းပေါ်တွင် ဆရာရသ၊ အစ်ကိုထွင်းတို့နှင့်အတူ ဝိုင်းထိုင်ကာ စကားပြောနေကြလေသည်။ တစ်ခေတ်မောင် စိတ်တို့ အစိုးမရစွာ တင်းကြပ်လာရသည်မို့ ထိုနေရာသို့ အလျင်အမြန်သွားလိုက်ကာ အစ်ကိုထွင်းဘေးတွင် ဝင်ထိုင်လိုက်သော်လည်း သူတို့၏ စကားအမျှင်မှာ ပြတ်မသွားပါချေ။

"ကျုပ်တို့လည်း သူဌေးလေး ပြောတဲ့အတိုင်း အက္ခရာလေးကို ဖျော်ဖြေပေးစေချင်ပါတယ်...သို့ပေမဲ့ သိတဲ့အတိုင်း တပို့တွဲလရောက်ဖို့ကလည်း သိပ်မလိုတော့ဘူးလေ....တပို့တွဲလကျရင် နှစ်တိုင်း ကျုပ်တို့သွားရောက်ကပြဖျော်ဖြေနေကျ ငါးမျက်နှာဘုရားပွဲကို မဖြစ်မနေသွားရအုန်းမှာဆိုပြန်တော့ သည်ပွဲပြီးတာနဲ့ ပြန်လေ့ကျင့်ရမှာ...သူဌေးလေးက အနီးကပ်မှ ငှားရမ်းတာဆိုပြန်တော့ အဆင်မပြေတာတော့ အမှန်ပဲဗျ...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now