အခန်း ၁၀

932 189 8
                                    

[Unicode]

ဘယ်သူ့ကို ဖမ်းရမယ်

ရှောင်းကျုန်းတစ်ယောက် လော်စွေ့စွေ့ထံမှ ဖုန်းလက်ခံပြီးသောအခါ ငါးစက္ကန့်မျှ ငြိမ်ကျသွားသည်။ ထို့နောက် သည်းမခံနိုင်တော့ဘဲ ဒေါသူပုန်ထတော့၏။

သံသယရှိသူကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်ရှင်းဟု အမိန့်ပေးခဲ့စဉ်မှစ၍ ဘိချွမ်းရှန်းဟူသော နာမည်သည် သူ၏ မချိတင်ကဲခံစားနေရမှုများ၏ အရင်းမြစ်ဖြစ်သည်။

ရွှမ်းကျီးက ဘိချွမ်းရှန်းကို သံသယဝင်နေသည်ဟုသော ယုံရခက်သည့်သတင်းကို လော်စွေ့စွေ့ ပြောလိုက်ချိန်တွင် ဒါရိုက်တာရှောင်း ထိတ်လန့်တုန်လှုပ်သွားသည်။ ထို့ကြောင့် သူမျိုသိပ်ထားရသော ဝန်ထုပ်ဝန်ပိုးကြီးကို ဖွင့်ထုတ်ပစ်တော့သည်။

အဲဒီစကားကို နောက်တစ်ခေါက် ထပ်ပြောလို့ကတော့ တခြားဘာမှမလုပ်ခင် အဲဒီရွှမ်းကျီးဆိုတဲ့ ယာယီဝန်ထမ်းကို ငါဖမ်းပစ်မယ်။ လာစမ်းပါ လောင်လော်ရာ၊ သူက အသစ်ဖြစ်ပြီး မသိဘူး။ ခင်ဗျားကရော ခင်ဗျားစကားတွေအတွက် တာဝန်မဲ့တဲ့သူလား။ ဘိချွမ်းရှန်းအတိတ်က ဘယ်လိုမလို့လဲ။ ဂုဏ်သိက္ခာနဲ့ အဆင့်၃ ချီးကျူးမှုကို ရဖို့အတွက် သူတို့ရဲ့ အသက်တစ်ဝက်ကို သေခြင်းတရားအတွက် စွန့်လွှတ်ထားတဲ့သူလေ။ ဒဏ်ရာရလို့ ရှေ့တန်းကနေ ပြန်လာထားရတာ။ သူ ကွင်းဆင်းအဖွဲ့ထဲ ဝင်တုန်းက အဲဒီယာယီဝန်ထမ်းက အသက်တောင် ရှိနေသေးလို့လား

ကျွန်တော်က စကားပါးပေးရုံပဲလေ။ ကျွန်တော့်ကို မဲမနေပါနဲ့

လော်စွေ့စွေ့က သူ့အရွက်များ ညှိုးသွားသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေ၏။ တစ်စုံတစ်ယောက် ပေးထားသော စောင်ကို ခြုံကာ အဖွဲ့ကားပေါ်တွင် ခွေခွေလေး နေနေသည်။ နှာတရှုပ်ရှုပ်လုပ်ကာ နှာစေးနေသည့်အသံနှင့် ဆက်ပြောလိုက်သည်။

ကျွန်တော်တို့ ဘော့စ်က ဒါကိုပြောဖို့ မှာလိုက်လို့ ကျွန်တော်က ပြန်ပြောပေးတာ။ ဒါရိုက်တာရှောင်း၊ ပွင့်ပွင့်လင်းလင်းပြောရရင် အခုလောလောဆယ် ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းပျောက်ဆုံးနေသလို ခံစားနေရတယ်ဗျာ။ ကျွန်တော် ပြန်လည်ပြုပြင်ရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ဒီလိုဟာမျိုး တစ်ခါမှ မမြင်ဖူးဘူး...အာ...အဖွဲ့စည်းကနေပြီး ကျွန်တော့်ကို ရှေ့တန်းနဲ့ ပိုဝေးတဲ့ဆီကို ပို့ပေးဖို့က ဖြစ်နိုင်လားဟင်။ မနှစ်က ခန္ဓာကိုယ်ကို စစ်ဆေးတုန်းက ကျွန်တော့်မှာ နှလုံးခုန်သံ စည်းချက်မညီတဲ့ လက္ခဏာတွေ ရှိတယ်လေ၊ ကျွန်တော်...ဟယ်လို၊ ဟယ်လို၊ ဒါရိုက်တာရှောင်း၊ အာ...

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now