အခန်း ၂၆

725 125 4
                                    

[Unicode]

နတ်ဆရာမျိုးနွယ်စုသည် စစ်ဘီလူးအုပ်စုမဟုတ်ပေ။ သူတို့သည် အတော်လေး အေးချမ်းကြသည်။ ထိုထူးခြားစွမ်းရည်ပိုင်ရှင်များ သူတို့ အုတ်ဂူများထဲမှ တူးဖော်ခဲ့သည့် မန္တန်များကို ကြည့်ရုံဖြင့် ခန့်မှန်းနိုင်သည်။ မန္တန်အားလုံးနီးပါးသည် တန်ပြန်မန္တန်များနှင့် လိုက်လျောညီထွေမှု ရှိကြသည်။ ထို့အပြင် အကျိုးသက်ရောက်မှုကို ပြောင်းပြန်လှန်ပစ်ပြီးနောက်တွင် အကျိုးဆက်ဟူ၍ မရှိတော့ပေ။ လူတစ်ယောက်ကို သေသည်အထိ ဓားနဲ့ထိုးခြင်းသည် လွယ်ကူသော်လည်း အထိုးခံရသူကို ကယ်တင်ရခြင်းသည် ခက်ခဲသော ကိစ္စကဲ့သို့ ဤကိစ္စသည် မလွယ်ကူပေ။ နတ်ဆရာမျိုးနွယ်စု၏ ရှေးဘိုးဘေးများသည်လည်း အနာဂတ်ကို ကြိုမြင်ခဲ့ကြပြီး ဤမန္တန်များကို နှစ်ပေါင်းထောင်ချီကြာပြီးနောက်တွင် ပေါ်ပေါက်လာမည့် လူလိမ်အဖွဲ့များ၏ ကောင်းကျိုးအတွက် တမင်ကြံစည်ခဲ့ကြခြင်း သို့မဟုတ် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ဖန်တီးခဲ့ခြင်းဖြစ်၏။

ထိုကလေးနှစ်ယောက်က အန္တရာယ်ရှိသည့် မည်သည့်မန္တန်ကိုမဆို ယခင်က တစ်ခါမျှမထိတွေ့ဖူးသည့် အချက်ကိုပင် မဆိုထားနှင့်။

ရှန်လင်းယွမ် မတော်တဆ သယ်ဆောင်လာသည့် မန္တန်သည် မျိုးနွယ်စုထဲရှိ ငနဲလေးများက နောက်ပြောင်ကျီစယ်မှုများအတွက် အသုံးပြုသည့် မန္တန်ဖြစ်သည်။ အခြေခံအားဖြင့် ၎င်းသည် အသုံးမဝင်ပေ။ ထို့ကြောင့် ကလေးနှစ်ယောက်သည် သူတို့နှစ်ယောက်နောက်ကို လိုက်နေသည့် ရက်စက်ကြမ်းကြုတ်သော ယောင်များ အခက်တွေ့အောင် တစ်နေရာပြီးတစ်နေရာ ဝင်ပုန်းနေကြရသည်။

ရွာသို့ ပြန်ရာ လမ်းတစ်လျှောက်တွင် ကျီးကန်းများ စုရုံးနေသည့် နေရာတိုင်း၌ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ဆုံးနေသော အလောင်းများ အမြဲရှိနေတတ်၏။

အားလော့ကျင်းလေးသည် သူ့မျက်ရည်များက မိန်းကလေး၏ အသက်နှင့်ယှဉ်လျှင် အလွန်အသုံးမဝင်ကြောင်း၊ အသုံးမကျကြောင်း၊ မနှိုင်းယှဉ်နိုင်ကြောင်း သိသော်လည်း ထိန်းမရရှာပေ။ ထို့ကြောင့် အပြန်လမ်းတွင် သူသည် ရှန်လင်းယွမ်ပုံရိပ်ကို ငေးကြည့်ရန် အဆက်မပြတ် အကောင်းဆုံးကြိုးစားနေခဲ့ပြီး ဤသို့ ငေးကြည့်ခြင်းကို မျက်ရည်များထိန်းရန်အတွက် အသုံးချလိုခြင်းဖြစ်သည်။ မွေးကတည်းက သွေးကို တစ်ခါမျှ မမြင်ဖူးသလို လူသားတစ်ယောက်ကို အမှိုက်ကဲ့သို့ ဆက်ဆံခံရပုံကိုလည်း တစ်ခါမျှ မမြင်ဖူးပါချေ။ သူ့စိတ်ဝိဉာဉ်သည် ကွဲထွက်နေပြီး မကြာခင်မှာပင် အကြောက်တရားက ဒေါသအတွက် လောင်စာဖြစ်သွားတော့သည်။ ရက်စက်သော လောကကြီးကိုဆန့်ကျင်လိုသည့် ဒေါသနှင့် အလွန်အားနည်းပြီး ညံ့ဖျင်းခြင်းကြောင့် သူ့ကိုယ်သူ မလိုလားသည့် ဒေါသတို့ပင်ဖြစ်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now