အခန်း (၅၃)

561 108 3
                                    

[Unicode]

"ဘာပဲဖြစ်ဖြစ် ဒီထိရောက်လာပြီးပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောကြရအောင်"

လေဆိပ်ရှိ ကော်ဖီဘားတွင် ရွှမ်းကျီးသည် စားပွဲပေါ်သို့ ကော်ဖီပူနှစ်ခွက်ကို တင်လိုက်ပြီး တစ်ခွက်ကို ကုယွဲ့ရှီးထံသို့ တွန်းပို့လိုက်သည်။ ထို့နောက် သူ့ခွက်ထဲသို့ သကြားထည့်လိုက်၏။ ယခုနောက်ပိုင်း သူသည် ကောင်းကောင်းအိပ်စက်ခြင်း မရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။ သူ့အနေဖြင့် အမြဲတမ်း အအေးဓာတ်ကို ခံစားနေရပြီး သူ မြင်သမျှ အနွေးဓာတ်တို့ဖြင့် သူ့ကိုယ်သူ နွေးထွေးအောင် လုပ်ချင်နေလေသည်။ သူသည် အမြဲဆိုသလိုပင် ကယ်လိုရီမြင့်သော အစားအသောက်များကိုလည်း မက်မောတောင့်တနေတတ်သည်။

"ကျွန်တော်က ယွိယန်ကို သွားမလို့။ ဒီလေယာဉ်က ဦးတည်ချက်တစ်ခုပဲ ရှိတာဆိုတော့ မင်းလည်း အဲဒီကို သွားမလို့ထင်တယ်"

ကုယွဲ့ရှီးသည် အသံမထွက်ပေ။ နှာခေါင်းသွယ်သွယ်နှင့် နှုတ်ခမ်းတို့သည် တင်းတင်းစေ့လျက်။ သူ၏ အေးအေးဆေးဆေး ဖြစ်နေသော မျက်နှာအမူအရာသည် အတော်လေး အေးစက်နေသည်။ သူ အသံတိတ်နေချိန်တွင် သူ့ပုံစံသည် တစ်စုံတစ်ခုကို စောင့်ကြပ်နေသည့်ပုံစံ ပေါက်ပေ၏။

ထို့ကြောင့် ရွှမ်းကျီးက ထပ်ပြောလိုက်သည်။

"ကြိုးဝိုင်းသစ်တောတုန်းက လုံးဝကို ခြေရာခံမရတဲ့ ဖုန်းခေါ်ဆိုမှုက လုံးဝနီးပါး ကြိုးအချည်ခံထားရတဲ့ လူသားမိစ္ဆာကို လွတ်သွားစေခဲ့တယ်။ ဒီနေ့အထိ ဒါရိုက်တာရှောင်းရဲ့ ဆံပင်တွေလည်း ပြန်မပေါက်သေးဘူး။ အဘိုးရွဲ့သယ်ရဲ့ အဖွဲ့မှာ သုသေသနဌာနရဲ့ အသစ်စက်စက်ဖြစ်ပြီး တရားဝင်မကြေညာရသေးတဲ့ မစ်သရေးကို လက်ဝယ်ပိုင်ဆိုင်ထားကြတယ်။ ဒုန်ချွမ်းမှောင်ခိုဈေးကွက်မှာ ကျွန်တော်တို့ ဖမ်းမိခဲ့တဲ့ သံသယတရားခံတွေက ကျွန်တော်တို့ မျက်စိရှေ့မှာတင် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ကြတယ်။ ကျွန်တော်တို့ထဲမှာ သစ္စာဖောက်တစ်ယောက် ရှိကိုရှိနေမှာ။ ပွင့်ပွင့်လင်းလင်းပြောရရင်ဒုတိယအဖွဲ့ခေါင်းဆောင်...ကျွန်တော် မင်းကိုလည်း သံသယဝင်နေတာ"

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now