အခန်း ၂၃

616 141 6
                                    

[Unicode]

အလင်းဖျော့ဖျော့လေးက ကျဉ်းမြောင်းသော သူခိုးဓားပြလှိုဏ်ခေါင်းထဲတွင် ခပ်မှိန်မှိန်လင်းနေပြီး ပုံရိပ်တစ်ခုက အမှောင်ထုထဲမှ ထွက်လာခဲ့သည်။ အဖြူရောင်တောက်နေသည့် ပန်းတစ်ပွင့်ကို ကိုင်ထားလျက်။

ပုံရိပ်က သေးသွယ်သည်။ အာဒံ၏ပန်းသီးရှိရမည့်နေရာတွင် အနည်းငယ် မညီမညာဖြစ်နေသည့် မျက်နှာပြင်လေးသာရှိသည်။ ယောင်္ကျားလိုလို မိန်းမလိုလို ငယ်ရွယ်မှုကို ပေးစွမ်းနေ၏။ သူ့ဆံပင်ရှည်များကို သေးငယ်သော ကျစ်ဆံမြီးများအဖြစ် ခွဲထားပြီး ဦးခေါင်းအနောက်ဖက်တွင် စုချည်ပြီး မြင်းမြီးပုံချထားလေသည်။ အတော်လေး နှစ်လိုဖွယ်ကောင်းလှသည်။ သရဲမျက်နှာပုံစံ ပန်းပုထုထားသည့် သစ်သားမျက်နှာဖုံးက သူ့မျက်နှာဘယ်ဖက်အခြမ်းကို ဖုံးထားသည်။ မျက်နှာဖုံးပေါ်ရှိမျက်နှာက ပြုံးရယ်နေသလို သူကိုယ်တိုင်ကလည်း ပြုံးရယ်နေ၏။ အရည်ရွှမ်းသော စပျစ်သီးကိုပင် သတိရမိစေသော သူ့ညာဖက်မျက်လုံးသည် နက်မှောင်သော သူငယ်အိမ်၊ ဖြူလွှသော မျက်ကြည်လွှာနှင့်အတူ တောက်ပပြီး ကြီးမားကာ အလွန်နှစ်လိုဖွယ်ကောင်း၏။

မျက်ခုံးနှစ်ဖက်ကြားရှိ အပေါက်ကြောင့်သာမဟုတ်လျှင် ဤလူသည် တီဗီပေါ်ရှိ တိုင်းတစ်ပါးမှလာသော ဆယ်ကျော်သက်အရွယ် အိုင်ဒေါလ်များထဲမှ တစ်ယောက်ဟုပင် အထင်မှားလောက်၏။

ရွှမ်ကျီသည် မျက်မှောင်ကျုံ့ရင်း သူ့ကို ရုတ်ခနဲတစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ရှန်လင်းယွမ်ကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်---ဤလူစိမ်းက မည်သူမည်ဝါဖြစ်ကြောင်း သူမသိချေ။ ယခင်က "အားလော့ကျင်း"ဟူသော နာမည်ကို တစ်ခါမျှမကြားဖူးပေ။ သို့သော် မုတ်ဆိတ်မွှေးနှင့်လူပြောစကားအရ ခေါင်းတလားထဲရှိ ခန္ဓာကိုယ်ကို မျက်ခုံးနှစ်ဖက်ကြားတွင် သံချောင်းဖြင့် မလှုပ်သာအောင်ချုပ်ထားခြင်းဖြစ်ပြီး အနှီလူသည်လည်း မျက်ခုံးနှစ်ဖက်ကြားတွင် သွေးစွန်းနေသော အပေါက်တစ်ပေါက် ရှိနေသည်။ ဖြစ်နိုင်ချေများက ရေကန်ထဲရှိ ခေါင်းတလားသည် ထိုလူ၏ အိပ်ခန်းပင်ဖြစ်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now