အတွဲ ၃ | ရဲတင်းလွန်းသော : အခန်း -၄၃

1K 137 2
                                    

[Unicode]

လူ့ဘုံက ငရဲလိုမျိုးပဲ။ အပြစ်တွေကို ခင်တွယ်နေတဲ့သူတွေကို ခွင့်လွှတ်ပေးလို့မရနိုင်ဘူး။ ---ကျောက်ထွင်းစာ

-----------------------------------------------------------

ရှန့်လင်ယွမ်းသည် ဒုန်ချွမ်းခရိုင်၏ မြို့တော်တစ်ဝိုက်တွင် အချိန်အကြာကြီး ခြေဦးတည့်ရာ သွားနေသည်။ ဟော်တယ်ရှေ့ရှိ ရင်ပြင်မှ မြို့တွင်းရှိ မြစ်ကမ်းနံဘေးကို မရောက်မချင်း အေးအေးလူလူ လမ်းလျှောက်နေလေသည်။ နေ့ခင်းပိုင်းတွင် ရေပေါ်ရှိ ခရီးသွားလှေများသည် အိုးထဲရှိ ဖက်ထုပ်များနှင့် အလားတူပေသည်။ သင်္ဘောဆိပ်ကမ်းတစ်ခုကဲ့သို့ စည်ကားနေပြီး လက်မှတ်ရောင်းသည့် ပြတင်းပေါက်ရှေ့တွင် လူများ ကြိတ်ကြိတ်တိုးနေဆဲ ဖြစ်သည်။ ကမ်းခြေတစ်လျှောက်တွင် ငွေးကြေးတောင်းခံရန် တီးမှုတ်ဖျော်ဖြေသူများနှင့် သံစုံတီးဝိုင်းငယ်များထံမှ ဂီတသံကို ရံဖန်ရံခါတွင် ကြားရတတ်သည်။ ညနေခင်း၏ လေပြည်လေးသည် ရှန့်လင်ယွမ်း၏ နားထင်ဘေးမှဖြတ်၍ နို့လက်ဖက်ရည်အနံ့ဖြင့် စိုစွတ်နေဆဲဖြစ်သည့် ဆံချည်တစ်မျှင်ကို ပင့်မ,သွား၏။

ရှန့်လင်ယွမ်းသည် ပန်းခြံထဲရှိ ခုံတန်းရှည်ပေါ်သို့ ထိုင်ချလိုက်ပြီး အခြားတစ်ဖက်ရှိ ရေများကို ငေးကြည့်နေလိုက်သည်။ ညဖက်ဓာတ်ပုံရိုက်ကူးရေးတွင် ပေါင်းစပ်ဖွဲ့စည်းမှုအဖြစ် သူ့ကို ပါဝင်စေမည့် လူငယ်ဓာတ်ပုံဝါသနာရှင်များကို အသံတိတ် ခွင့်ပြုထားသည့်အလား။

ရှန့်လင်ယွမ်းသည် သူ့အပြုံးကို ရောင်းချလိုက်ခြင်းမှ ရရှိလာသည့် ချောကလက်ပူပူတစ်ခွက်ကို ကိုင်ထားလျက် ထိုအရာသည် ဆိုးရွားသော အပေးအယူတစ်ခုဖြစ်ကြောင်း တွေးမိလာသည်။ ဤအရာသည် စေးကပ်ပြီး ချိုအီလွန်းသည်။ ခါးသက်သက်အရသာမှ ထွက်ပေါ်လာသည့် အလွန့်အလွန် ချိုအီမှုမျိုးပင်။ ဗလုံစီသော 'အနက်ရောင်အရည်' လောက်ပင် အရသာမကောင်းပေ။ သို့သော်လည်း သူ့အနေဖြင့် ထိုအရာကို မလွှတ်ပစ်နိုင်ပေ။ တစ်ငုံချင်းသောက်ရင်း တစ်ခွက်လုံး ကုန်သွားတော့သည်။ အရသာမကောင်းသော်လည်း အနည်းဆုံးတော့ ဗိုက်ပြည့်စေသည်။ အငတ်ဘေးဆိုက်နေသော ကာလသာ ဖြစ်ပါက ထိုအရာသည် အသက်တစ်ချောင်းကိုပင် ကယ်နိုင်၏။ သူ၏ ကလေးဘဝသည် အငတ်ဘေးဆိုက်နေသော ကာလများသာ ဖြစ်ပြီး သူကိုယ်တိုင်သည် ဆာလောင်မွတ်သိပ်မှုနှင့် နေသားကျနေခဲ့သည်။ သူ့အနေဖြင့် အစာမစားဘဲ အချိန်အကြာကြီး နေနိုင်သော်လည်း ထိုအရာကို ဖြုန်းတီးမပစ်ချင်ခဲ့ပေ။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now