အခန်း (၅၀)

663 108 1
                                    

[Unicode]

ဗီဒီယိုထဲတွင် လက်ပေါ်၌ အဆင်တန်ဆာဝတ်ဆင်ထားသူ မစ္စတာနျန်သည် ထိုအခိုက်အတံ့တွင် ကုယွဲ့ရှီးနှင့် မဝေးသည့်နေရာတွင် ရှိနေသည်။ ထိုလူသည် ဝရမ်းပြေးတစ်ယောက်နှင့် တူနေရုံသာမက အမိန့်အာဏာကို လုံးဝအရေးမလုပ်သူတစ်ယောက်ကဲ့သို့ ပြုမူနေသေးသည်။ ဒုန်ချွမ်းမှောင်ခိုဈေးကွက်တွင် လေနတ်ဘုရား၏ မျက်စိအောက်မှ လမ်းလျှောက်ထွက်လာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် ယုန်အန်းမြို့ရှိ DCO ဌာနချုပ်ဆီသို့ ကိုယ်တိုင်ကားမောင်းသွားခဲ့ပြီး မြို့တောင်ဘက်မှ ဆင်ခြေဖုံးရပ်ကွက်ရှိ နေရာလွတ်တွင် ရပ်လိုက်သည်။ ဖုန်လိုင်ညီလာခံသည် ဆရာယွဲ့ကို ဖမ်းဆီးမှုကြောင့် ရပ်တံ့လိုက်ရပြီး အကြီးကဲဟွမ်သည် နောက်ထပ်စကားတစ်ခွန်းမဆိုဘဲ ထွက်သွားခဲ့သည်။ ထူးခြားစွမ်းရည်ပိုင်ရှင် ဆရာကြီးများသည် အနိုင်ပိုင်းခံလိုက်ရသော်လည်း ၎င်းတို့၏ ညစ်ပတ်သော ကိုယ်ပိုင်အသိုက်ကိုယ်စီကို တူးဖော်ခံရမည်အား ကြောက်ရွံ့ကာ ၎င်းတို့၏ ဒေါသအတွက် စကားတစ်ခွန်း မဆိုရဲပေ။ အားလုံးအနက် အဘွားယွီသာလျှင် သူ၏ တည်ငြိမ်အေးဆေးမှုကို လုံးဝထိန်းထားနိုင်ဆဲဖြစ်သည်။ ထိုကိစ္စများက သူ့ကို ထိခိုက်မှု မရှိသည့်အလား ပြုမူနေပြီး အခြားလူအားလုံးကို နှစ်သိမ့်ရင်း သူလုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေ၏။

နေ့လယ်တွင် အဘွားယွီတစ်ယောက် တရားထိုင်ပြီးချိန်တွင် ပုံမှန်အတိုင်း ရိုးရိုးထမင်းအလွတ်နှင့် အရန်ဟင်းအနည်းငယ်ဖြင့် နေ့လယ်စာစားသည်။ သူသည် အသံမထွက်စေဘဲ တူကို မ,လိုက်ပြီး (၁၅)မိနစ်အတွင်းပြီးအောင် စားလိုက်သည်။ တစ်စက္ကန့်လည်း မပိုသလို တစ်စက္ကန့်လည်း မလျော့ပေ။ ထို့နောက် သူ့လက်များနှင့် ပါးစပ်တို့ကို သန့်စင်လိုက်သည်မှာ တပ်မက်ဖွယ်ကောင်းသော ကျောက်စိမ်းဗုဒ္ဓရုပ်တု၏ ဟန်မူရာအတိုင်းပင်။ ဘေးနားတွင် တစ္ဆေကဲ့သို့သော အစေခံမိန်းကလေးသည် နေ့လယ်စာ၏ ကျန်ရှိနေသော အနံ့များကို ထွက်သွားစေရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ အမွှေးတိုင်ခွက်ထဲတွင် နောက်ထပ်အမွှေးတိုင်တစ်ချောင်းသည် ၎င်း၏ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now