အခန်း ၅ (အပိုင်း ၂)

1.1K 229 4
                                    

[Unicode]

ဒေါက်တာဝမ်သည် ပုံမှန်မဟုတ်သောဖြစ်ရပ်များ ထိန်းချုပ်ရေးရုံးတွင် ရှေးဟောင်းမှတ်တမ်းများ ပြန်လည်ပြုစုရေးဌာန၏ ညဆိုင်းနေရာမှ ဌာနခေါင်းဆောင် ဖြစ်သွားသည်။

ဒေါက်တာဝမ်သည် သေးငယ်သော မျက်မှန်အဝိုင်းလေးကို ဝတ်ဆင်ထားသည်။ ပင်မစေလွှတ်ရေးရုံးခန်းသို့ ကျောကိုကိုင်းလျက် ခြေမကြွတကြွ လျှောက်သွား၏။ သို့သော် သူ့ဦးခေါင်းကို ရှောင်းကျုန်းစားပွဲနှင့် နှစ်မိုင်အကွာကတည်းကပင် မြင်နေရသည်။ ထိုလူကြီးသည် မင်မင်းဆက်အဆုံးပိုင်းတွင် အမတထူးခြားစွမ်းရည်နှင့်အတူ မွေးဖွားခဲ့သည်ဟု ပြောကြ၏။ အကြိမ် ၃၀ ကျော်ခန့် ပင်စင်ယူပြီးနောက် ပုံမှန်မဟုတ်သောဖြစ်ရပ်များ ထိန်းချုပ်ရေးဌာနက သူ့အား လျှို့ဝှက်ဆန်းကြယ် ရှေးဟောင်းစာပေများနှင့် ဂမ္ဘီရပညာရပ်များ သုတေသနအထူးပြုတာဝန်ကို ပြန်ခန့်အပ်လိုက်သည်။ ဤလူကြီးသည် မှတ်ဉာဏ်အလွန်အားကောင်းပြီး ရှေးဟောင်းစာပေများနှင့် ခေတ်ပေါ်စာပေများကို ကောင်းစွာ ဖတ်တတ်၏။ သက်ရှိစွယ်စုံကျမ်းနှင့်ပင် တူသေးသည်။ သူသည် စီနီယာဖြစ်သောကြောင့် အရာရာကို အချိန်ယူလုပ်ဆောင်လေ့ရှိသည်။ ထို့ကြောင့် သူနှင့် အပြောအဆိုလုပ်လျှင် စိတ်ရှည်ရန် လိုသည်။

"ဆွေးမြည့်ယဇ်ပူဇော်မှု... ဘုရားရေ။ 'ကျင့်စဉ်'ဆိုတာက တားမြစ်ထားတဲ့ပညာလေ...တစ်ခုခုမှားသွားရင် လူတွေသေသွားနိုင်တယ်"

ဒေါက်တာဝမ်က လောင်ဒန်*လေသံဖြင့် ပြောလိုက်သည်။ ရည်ရည်မွန်မွန်နှင့် နူးနူးညံ့ညံ့ ပြောနေပုံမှာ နားထောင်သူ ရှောင်းကျုန်းအဖို့ အမြန်ရှေ့ရစ်လို့ရသည့် ခလုတ်ကို ပြေးရိုက်ချင်စိတ်များပင် ဖြစ်သွားစေ၏။

(*လောင်ဒန်ဆိုတာက တရုတ်အော်ပရာတွေမှာပါတဲ့ သဘာဝကျကျ အနိမ့်သံနဲ့ သီဆိုဖျော်ဖြေရတဲ့ အသက်ကြီးကြီး အမျိုးသမီးဇာတ်ကောင်ကို ပြောတာဖြစ်ပါတယ်)

" 'အစီအရင်' ဆိုတာ 'မိစ္ဆာစာချုပ်' ပဲ...အဲဒီထဲကမှ အကောင်းဆုံးတောင်းဆိုလို့ရတာက လူသားထုကို အမြစ်ဖြတ်ချေမှုန်းဖို့ ကံဆိုးခြင်းနတ်ဘုရားရဲ့ မျိုးဆက်ကို တောင်းဆိုနိုင်တာရယ်၊ နောက် အဆိုးဆုံး တောင်းဆိုလို့ရတာက ကိုယ်တိုင် လက်စားချေဖို့အတွက် မိစ္ဆာဝင်ပူးဖို့ရယ်ပဲ။ ဒီလို နတ်ဘုရားဆိုးတွေ၊ မိစ္ဆာတွေကို ဆင့်ခေါ်ဖို့ဆိုတာက ဘယ်လိုလုပ်လွယ်မှာလဲ။ သူများကိုယ်စား လုပ်ပေးဖို့ဆိုရင် သူတို့တွေက အဖိုးခအနေနဲ့ အဆ ၁၀၀ လောက် ပြန်လိုချင်ကြတာ။ ဒါရိုက်တာရှောင်း လာမေးနေတာနဲ့ တိုက်ဆိုင်ချက်ပဲ။ ဟိုတလောကမှ 'ကျင့်စဉ်'နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တစ်ခုကို လေ့လာထားတာ။ အဲဒီဖိုင်တောင် ဘယ်နားမှာပါလိမ့်...အေး..."

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now