[Unicode]
ရှန့်လင်ယွမ်းတစ်ယောက် စိတ်မရှည်နေသော်လည်း သူ့မျက်နှာပေါ်တွင် ဖော်မပြပေ။ သူသည် ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး ကားထဲရှိ လေနတ်ဘုရားအဖွဲ့ဝင်များကို အလျင်အမြန် အေးခဲစေလိုက်သည်။ သူတို့၏ ဒွါရခုနစ်ပေါက်ထဲသို့ အငွေ့များသက်ရောက်ခြင်းမှ ယာယီဖြတ်တောက်ရန်အတွက်ပင်။ ထိုသို့လုပ်ဆောင်ပြီးနောက်တွင် ရှန့်လင်ယွမ်းသည် ကုယွဲ့ရှီးကို လက်အမူအရာပြလိုက်ပြီး တည်ငြိမ်မှုရှိသော အသံဖြင့် ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး အခြေအနေကို အရင်ဆုံးရှင်းပြပေး"
ကုယွဲ့ရှီးသည် အရှင်မင်းကြီး တန်ဖိုးအထားဆုံး လူအမျိုးအစားထဲတွင် ပါဝင်နေခြင်းဖြစ်သည်။ ကုယွဲ့ရှီးသည် အလဟဿမပြောဘဲ ဦးစားပေးအချက်များကို ကျွမ်းကျင်စွာ ပြလိုက်သည်။ စကားလုံးအနည်းငယ်ဖြင့် အဓိက အကြောင်းအရာများကို အကြမ်းဖျင်း ပြောပြလိုက်ရင်း သူသည်လည်း မေးခွန်းပြန်မေးလာခဲ့၏။
"ချန်းပေ့ ကျွန်မမှာလည်း မေးစရာရှိတယ်။ ကာကွယ်ရေးကိရိယာတွေတင် အလုပ်မလုပ်တာ မဟုတ်ဘဲ ရန်သူကိုပါ ကူညီနေပုံပဲ။ အကာအကွယ်တွေကို ဘာအတွက် သုံးလို့ရလဲ။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုနှိုးရမလဲ။ ဒီအငွေ့တွေက ဘယ်အတိုင်းအတာအထိ ပျံ့နှံ့နေမှာလဲ။ ချန်းပေ့ပြောတာ အမှန်ဖြစ်ပြီးတော့ သူထိသမျှ လူအားလုံးက သူ့အစာဖြစ်သွားမယ်ဆိုရင် အဲဒါတွေက ဆက်ပြီးပျံ့နေဦးမှာလား။ ပျံ့သွားတယ်ဆိုရင် တခြားနေရာတွေ ရောက်သွားရင် ကျွန်မတို့ ဘာလုပ်ရမလဲ။ ပြီးတော့ နောက်တစ်ခုက ဒီအမှိုက်သရိုက်ထဲကို ကျရောက်သွားတဲ့ သာမန်လူတွေကျတော့ ဘယ်လိုလုပ်မလဲ။ သူတို့တွေက ကျန်ခဲ့မယ့် အကျိုးသက်ရောက်မှုတွေကို ကြုံတွေ့ရမှာလား"
ကုယွဲ့ရှီးသည် စိတ်အတွင်းပိုင်းမိစ္ဆာအငွေ့များထံမှ ပထမဆုံးလွတ်မြောက်လာသူဖြစ်ပြီး သူ့စိတ်သည် လုံးဝကြည်လင်လျက်ရှိသည်။ ရှန့်လင်ယွမ်းတစ်ယောက် မနေနိုင်တော့ဘဲ သူကို နောက်တစ်ကြိမ် ကြည့်လိုက်လေသည်။
"မိန်းကလေး မင်းနာမည် ဘယ်လိုခေါ်တာလဲ"
ကုယွဲ့ရှီးက အသက်မရှူနိုင်လုနီးပါ အစီရင်ခံလိုက်၏။