တော်ရုံကိစ္စတွေဆို သိပ်မယုံတတ်ပေမယ့် ကိုယ်တိုင်ကြုံခဲ့ရတော့ နည်းနည်းတုန်လှုပ်သွားတဲ့အဖြစ်အပျက်တခုတော့ရှိတယ်။
နေရာကတော့ ပုပ္ပါးနားက ကျောက်ပန်းတောင်းမြို့နယ်၊ မြောက်တောရွာ၊ သက်တော်ယျစေတီမှာပါ။ သက်တော်ရှည်ဘုရားကနေခရီးဆက်လာပြီး သက်တော်ယျကိုရောက်တော့ နားကြ ဘုရားဖူးတဲ့သူကဖူးကြပေါ့။ အဲဒီတုန်းက အတူသွားတဲ့လူအုပ်ကလည်းတော်တော်များပါတယ်။ စေတီတပတ်ပတ်ရင်း စိတ်ထဲမှာတော်တော်ကြည်နူးတဲ့ခံစားချက်မျိုးရတယ်။ ဒီလိုအေးချမ်းတဲ့နေရာမျိုးမှာနေချင်လိုက်တာဆိုတဲ့စိတ်မျိုးဖြစ်မိပေမယ့် ထုတ်မပြောဖြစ်ခဲ့ပါဘူး။
ဘုရားရှေ့မှာတစုတစည်းထဲထိုင်ပြီး ဘုရားကိုအာရုံပြုဖို့မော့ကြည့်လိုက်တဲ့အချိန်မှာ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ ဘေးက အတူထိုင်နေတဲ့ လူတွေတယောက်မှမရှိတော့ဘဲ စေတီပတ်ချာလည်မှာ အရင်ခေတ်မြန်မာအဝတ်အစားနဲ့ အမျိုးသမီးတွေက ဘုရားကိုပန်းလှယ်ရေလှယ်လုပ်နေပုံတွေ။ သျှောင်ပေစူးနဲ့ကလေးလေးတွေက ဂွေလှိမ့်ရင်းပြုံးပြသွားတာတွေ၊ သျှောင်ထုံးနဲ့ဦးကြီးတွေက ကွမ်းတမြုံ့မြုံ့နဲ့ သမီးလာလည်တာလားဆိုပြီးလှမ်းပြောတာတွေ ကွက်ကွက်ကွင်းကွင်းကို မြင်ရ၊ ကြားနေရတယ်။
ဖြစ်စဥ်ကလုံးဝထင်ထင်ရှားရှားပါ။ အခုပြန်စဥ်းစားရင် ငါစိတ်လွတ်သွားတာလားလို့တွေးမိပေမယ့် အဲတုန်းကလည်း လူကလည်းလန်းလန်းဆန်းဆန်းကြီး။ စေတီရှေ့ကိုထိုင်လိုက်မှ အဲဒီလိုဖြစ်လာတာ။ သိပ်တော့မကြာလိုက်ဘူး။ ဒါပေမယ့်ရင်ထဲဆို့လာပြီး ကတုန်ကယင်နဲ့ငိုမိသွားတယ်။ ဘေးကအမေက သမီးဘာဖြစ်တာလဲဆ်ိုမှ အဲဒီလူတွေအကုန်ပျောက်သွားပြီး ဘေးကလူတွေကိုပြန်မြင်ရတာ ထူးဆန်းဖွယ်ပဲ။ အမေ့ကိုပြောပြတော့မေတ္တာပို့အမျှဝေလိုက်လို့ပြောတာနဲ့ လုပ်ပေးလိုက်ပါတယ်။
ပြန်တော့လည်း မျက်စိတဆုံးကြည့်ရင်း ဝမ်းနည်းသလိုခံစားရတယ်။ အတိတ်တုန်းကဒီနေရာမှာရှင်သန်ခဲ့ဖူးပြီးဆွေမျိုးတွေများရှိခဲ့သလားပေါ့။ ဘဝမှာ အဲလိုဖြစ်ရပ်မျိုးတခါပဲကြုံဖူးတယ်။ ခုပြန်စဥ်းစားကြည့်ရင်လည်း မျက်လုံးထဲပြန်မြင်နေတုန်း။

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်