လက်လုပ်တောင်မှ ထူးခြားဖြစ်ရပ် (အပိုင်း-၁)
လွန်ခဲ့သော၆လခန့်က ပယောဂကုသရန်အတွက် ပင့်ဖိတ်မှုကြောင့် နေပြည်တော်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ရပါတယ်။ ပထမဆုံးအကြိမ် ရောက်ရှိမှုမှာတော့ တည်းခိုနေထိုင်ရာ ပုဗ္ဗသီရိ ဝဏ္ဏဒီပရပ်ကွက် နေအိမ်တွင် ကုသစရာရှိသော ပယောဂများကုသ၊ ပညာပေးခဲ့ပြီးနောက် ဘယ်ကိုမှလည်ပတ်ချိန်မရပဲ ရန်ကုန်သို့ ချက်ချင်းတန်းပြန်လာခဲ့လိုက်ပါတယ်။ တစ်လခန့်အကြာမှာ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ နေပြည်တော်က နောက်ထပ်ပယောဂတစ်စွဲ ကုသပေးဖို့ရန် အကြောင်းပေါ်လာပါတယ်။ ၎င်းပယောဂကို သေချာစေရန် Video Callနှင့် အရင် စစ်ဆေးကြည့်ပြီးနောက် ပယောဂဖြစ်ကြောင်း သေချာပြီဆိုမှသာ နေပြည်တော်သို့ ဒုတိယအကြိမ် သွားရောက်ကုသပေးခဲ့ပါတယ်။
ဒုတိယအကြိမ် ရောက်ရှိချိန်မှာတော့ နေပြည်တော်တွင် ဘဝရှင်မင်းတုန်းမင်းတရားကြီး လှံတော်စိုက်ခဲ့ရာတောင်ကုန်းမှာ တည်ထားတဲ့ လက်လုပ်တောင်စေတီတော်ဆိုတာ ရှိကြောင်း ကြားသိလိုက်ရပါတယ်။ အဲ့ဒါကြောင့် တည်းခိုနေထိုင်ရာအိမ်တွင် ပယောဂများ ကုသပေးပြီးနောက် ညအချိန်တွင် လက်လုပ်တောင်စေတီတော်သို့ ဘုရားဖူးရန် ကားတစ်စီးနဲ့ ထွက်ခွာလာခဲ့ကြပါတော့တယ်။
လက်လုပ်တောင်စေတီတော်ထဲ စတင်ဝင်ရောက်တယ်ဆိုတာနှင့်တစ်ပြိုင်နက် ကျနော်တို့ ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်မြတ်ကြီးမှ အထက်လမ်းဆရာများ၏ ပြုနေကျအကျင့်အတိုင်း မိစ္ဆာစက်များအား ဖြတ်ခြင်း၊ မတရားချုပ်နှောင်ခံနေရသော ဆိုင်ရာပိုင်ရာများအား အမိန့်ပြန်၍ လွတ်မြောက်စေခြင်း၊ ပြုသမျှကုသိုလ်ကောင်းမှုအား အမျှအတမ်းပေးဝေခြင်းများ ဆောင်ရွက်ပြီးမှ ဘုရားရင်ပြင်တော်ပေါ်သို့ စတက်ခဲ့ကြပါတယ်။
ဘုရားရင်ပြင်တော်ပေါ်သို့ ရောက်သောအခါ ရင်ပြင်တော်ပေါ်တွင် မြောက်များစွာသော ယောဂီဝတ် အမျိုးသမီးများ ပဌာန်းပူဇော်ခြင်း၊ တရားထိုင်ခြင်းများ ဆောင်ရွက်နေကြသောကြောင့် ကျနော်လည်း စေတီတော်အား လက်ယာရစ်ပူဇော်ပြီး လွတ်ရာနေရာမှာ ခေတ္တခဏ တရားဘာဝနာအားထုတ်ခြင်းအမှုကို ပြုခဲ့ပါသည်။
တရားထိုင်ပြီးနောက် ပြုသမျှသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ ၇ရက်သားသမီးအပေါင်းတို့အား ကယ်တင်ရသောကုသိုလ်တို့ကို မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်အပေါင်းတို့အား အမျှအတမ်းပေးဝေခဲ့ပါသည်။ ထို့နောက် စေတီတော်ရင်ပြင်၏ အောက်တစ်ဆင့်ကိုဆင်း၍ ထီဆိုင်၏အရှေ့မှတစ်ဆင့် စေတီတော်အား ဓာတ်ပုံရိုက်နေစဉ်မှာ အနီးအနားတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိပါပဲ ကင်မရာကိုင်ထားသော ကျနော့်၏ ညာဘက်လက်မောင်းကို ရေစက်များ ဖွားခနဲ လာစိုပါလေတော့သည်။ (ပထမဆုံးပုံ ရိုက်နေစဉ်) ရေစက်များ လာရောက်စိုစွတ်ပုံမှာ အပင်ပေါ်က ကျလာသည်လည်းမဟုတ်ပါ။ တစ်စုံတစ်ယောက်က ပက်လိုက်သည်လည်း မဟုတ်ပါ။ ဘေးကနေ၍ Sprayဘူးနှင့် ဖြန်းလိုက်သကဲ့သို့ ရေမွှားလေးများ လာစိုခြင်းဖြစ်ပါသည်။ ကျနော်၏ လက်မောင်းဘေး ဘာမှမရှိသော လေဟာနယ်ထဲမှ ရေမွှားလေးများ ထွက်လာသည်ကိုပင် လျှပ်တပြက် မြင်လိုက်ရပါသည်။ စိတ်ထဲတွင် အံ့ဩမိပါသော်လည်း ''ငါပေးဝေသော ကုသိုလ်အဖို့ဘာဂကို စေတီတော်နှင့် သက်ဆိုင်သော ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များ သာဓုခေါ်ဆိုကြရကြောင်း အသိပေးခြင်းသာဖြစ်မည်'' ဟု ထင်မြင်ယူဆပြီး ဝမ်းမြောက်ဝမ်းသာစွာဖြင့် အိမ်ပြန်လာခဲ့လိုက်ပါတော့သည်။ ဘာရယ်မဟုတ်ပါသော်လည်း ထူးခြားစွာကြုံတွေ့ခဲ့ရသည်ကို ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်။
အပိုင်း(၂)မှာ ဒုတိယအကြိမ် ထပ်မံသွားရောက်ချိန် ကျနော်တို့ကားပေါ်သို့ လက်လုပ်တောင်ဘိုးဘိုးကြီး လိုက်လာပြီး အကူအညီတောင်းတဲ့အကြောင်း ဆက်လက်ရေးသားပေးသွားပါမည်။
#လက်လုပ်တောင်

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်