83

263 6 0
                                        

ကျွန်တော်တို့ဘက်မှာ လွတ်လပ်ရေးနေ့ဆို ‌အထိမ်းအမှတ်အနေနဲ့ ဘောလုံးကန်ကြတယ်။နှစ်သစ်ကူးဆိုလည်း ဒုံးယိမ်းပြိုင်ကြတယ်။‌အခုက လွတ်လပ်ရေးနေ့မှာ ဖြစ်ခဲ့တဲ့ အကြောင်းကိုပြောပြပေးမယ်။အရင်ကဆို လွတ်လပ်ရေးနေ့မတိုင်ခင် ဝင်ပြိုင်မဲ့လူတွေက **ဆရာတော်ဆီသွားပြီး အဆောင်တောင်းရတယ်။အပါးတို့ခေတ်က ရိုးရိုးသားသားကန်တာရှိသလို
မရိုးမသားနဲ့အောက်လမ်းနဲ့နှောင့်ယှက်တာလည်း ရှိတာပေါ့။သူများရွာမှာ သွားကန်ရပြီဆိုရင် ဘာဖြစ်မယ်ဆိုတာကို သိလည်း သွားကန်ကြတာပဲ။လွယ်အိတ်ထဲ လောက်လေးဂွ ၊ လောက်စာလုံး ၊ ဓားတို ၊ တုတ် ထည့်သွားကြတာ။လက်မောင်းနဲ့ခါးမှာတော့ **ဆရာတော်ပေးတဲ့ အဆောင်ရှိတယ်ပေါ့။

နှစ်တိုင်း ရန်ဖြစ်ပြီး နှစ်တိုင်း သရဲနဲ့ကြုံကြလို့ အ‌ပါး
အာရွဲ့လာတဲ့အခေါက်ကိုပဲ ပြောပြလိုက်တော့မယ်။
အဲ့ဒီအခေါက်ကလည်း တော်တော်ကြမ်းပြီး လူတွေသေလုမြောပါးမို့။ထုံးစံအတိုင်း သူများရွာမှာ သွားကန်တယ်ပေါ့။ကိုယ့်ရွာက ပညာတတ်တဲ့လူတွေလည်း လိုက်သွားကြတယ်။ပထမပိုင်း ကန်နေတုန်းကတော့ အေးဆေးပဲ။ပထမပိုင်းပြီးခါနီးမှာ ကျွန်တော့်ရွာက တစ်လုံးသွင်းလိုက်ကော။အဲ့ဒီမှာတင် နှစ်ဖက်က သွေးစဆူကြပြီရယ်။ဒုတိယပိုင်းအစမှာတော့ ပညာတတ်တဲ့လူတွေကတော့ သိကြတာပေါ့။ဘယ်သူက ဘာလုပ်နေပြီဆိုတာ ၊ ဒါပေမဲ့ အဆောင်ယတြာတွေနဲ့ဆိုတော့ တိုက်ရိုက်မထိဘူး။

နောက်တော့ ဘဲအရှင်လတ်လတ်တစ်ကောင်ကို လည်ပင်းလှီးပြီး ဘဲသွေးနဲ့ဘာလုပ်လိုက်တယ်ဆိုလား
ဒီဘက်က ပညာတတ်တဲ့လူက သိလိုက်တယ်ပေါ့။သူက ဆက်မကန်တော့ဖို့ တားလိုက်တဲ့အချိန်မှာပဲ ဘောလုံးကွင်းထဲ ဝရုန်းသုန်းကား စဖြစ်နေပြီ။စကားတွေစများပြီး အဲ့ရွာက ကောင်တွေက လက်ပါလာကြတာပေါ့။သူတို့နယ်မြေဆိုတော့လည်း လက်ရဲကြတယ်လေ။ပညာတတ်တဲ့လူပြန်ပြောတာကတော့ ဘောလုံးကွင်းထဲ အကောင်ပလောင်တွေတောင် ရှိတယ်တဲ့။သူ့ဘက်က ဘာမှလုပ်မရလို့ တားဖို့တောင်မမှီလိုက်တော့တဲ့အချိန်မှာပဲ ဘောလုံးကွင်းထဲ နှစ်ဖက်ကစားသမားကော ပရိသတ်ကောက ဆော်ကုန်ကြပြီ။ရှိသမျှလက်နက်တွေနဲ့ဆော်တဲ့လူကဆော် ၊ တားတဲ့လူကတားနဲ့ သွေးသံရဲရဲပဲ။အဲ့အချိန် အပါးက အနောက်က အကန်ခံလိုက်ရပြီး မှောက်ယက်လဲကျသွားတာ။သူလဲနေတဲ့အချိန် အဲ့လူက ဂဏန်းကျစ်စာခဲနဲ့နောက်စေ့ကို ထုချလိုက်တာ သူ့ခမျာ တခါတည်း တန်းမေ့သွားကော။

လူကြီးတွေ ၊ ဘုန်းကြီးတွေရောက်လာပြီး ဝင်ရှင်းမှ ရန်ပွဲလည်းတိတ်ကော အပါးကို အဲ့ရွာက ဘုန်းကြီးတစ်ပါးလုပ်ပေးလိုက်မှ သတိပြန်ရလာတာ။အပါးကို ထုတဲ့ဂဏန်းကျစ်စာခဲကလည်း သူ့ကိုထုတုန်းက ဖုန်မှုန့်တောင်မစင်ဘူးတဲ့။သူ့ကိုထုပြီးသွားတော့ ဦး** ကကောက်ကိုင်ပြီး လက်နဲ့ချေလိုက်တာ အကုန်အမှုန့်ဖြစ်သွားကော။
အဲ့ဒါနဲ့ အပါးကို ‌ပြန်ထမ်းပိုးပြီး ရွာပြန်လာခဲ့ကြရတာ။
အဲ့နှစ်က ပွဲပြတ်သွားပေမဲ့ မပြတ်တာက အပါး ၊ အိမ်ပြန်ရောက်တော့ သရဲတွေမြင်တာ ညတိုင်းပဲ။

အဲ့ရွာက ပြန်လာပြီးကတည်းက ညတိုင်းမြင်တာ။ဘုန်းကြီးကုပေးလိုက်လို့ သက်သာပေမဲ့ အာတော့ ရွဲ့သွားတယ်။ဒီအတိုင်းဆိုမသိသာပေမဲ့ ရယ်လိုက်ရင် သိသာတယ်။အဲ့ဒီလိုဖြစ်သွားတာတောင် သူ့ကို ဟိုက ဆက်နှောင့်ယှက်တုန်း။

ညမိုးချုပ်လာရင် အိပ်ခါနီး သူ့အောက်က ပျဉ်ကို လာလာခေါက်တယ်။တစ်ခါတလေ တစ်ရေးနှိုးရင် ခြင်ထောင်ဘေးမှာ ငုတ်တုပ်ကြီး။ညဘက် အပေါ့အလေးသွားရင် ခြံထဲကနေ သူ့ကို မတ်တပ်ကြီးကြည့်နေတာ။
အပါးတို့က မကြောက်တတ်တော့ အေးဆေးပဲပေါ့ ၊ အဲ့လိုကနေ နေရင်းထိုင်ရင်း နေမကောင်းဖြစ်လာတော့ အပါးက လူကြီးတွေကို ပြောပြလိုက်တာ သူတို့တွေလည်း **ဆရာတော်ဆီသွားကြကော။**ဆရာတော်က ကုပေးလိုက်မှ အပါးလည်း ပြန်သက်သာပြီး သရဲတွေမမြင်ရတော့တာ။**ဆရာတော်က အဆောင်တွေပေးလိုက်သေးတယ် ၊ အပါးက အဲ့အဆောင်တွေ ဘယ်သူလာတောင်းဝယ်ဝယ် လုံးဝမရောင်းဘူး။ကျွန်တော်ဆယ်တန်းဖြေတုန်းကတောင် အဆောင်ပုလင်းကို နှုတ်ခမ်းက ဆွတ်ပြီး လက်မှာဖြန်းသွားရသေးတယ် 🥲။

အဒေါ်တွေ ဒုံးယိမ်းလိုက်ကရင်း သရဲအခြောက်ခံရတာ နောက်တစ်ခေါက်ပေါ့နော်။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now