90

318 8 0
                                        

ကြာခဲ့ပါပြီ။
၁၉၉၈ လား ၉၉ လားတော့ သေချာ မမှတ်မိတော့ဘူး။ အဲ့ဒီတုန်းက ကျွန်တော်က ကြက်ခြေနီ တပ်ဖွဲ့ဝင်ပေါ့။ ကျွန်တော်တို့ တောင်ကြီးမြို့ရဲ့ အထင်ကရ တန်ဆောင်တိုင် မီးပုံးပျံပွဲကြီးမှာ ကြက်ခြေနီဆေးတပ်ဖွဲ့အဖြစ် ညဂျူတီလိုက်ဖြစ်တဲ့ ကာလ။ အဲဒီတုန်းက မီးပုံးပျံကွင်းက စူဠာမုနိဘုရား ခြေတော်ရင်းက ၂၁၂ တပ်ဘေးက ကွင်းကြီးမှာလုပ်တာ။ ပွဲထုံးစံအတိုင်း ပွဲဈေးတန်းနဲ့ မီးပုံးပျံကွင်းဘေးမှာ ချားရဟတ် အကြီးတစ်ခု အသေးတစ်ခု အမြဲပါတာပေါ့။ ကျွန်တော်တို့ ညဂျူတီစောင့်တာက ကူချင်လို့ရယ် ကွင်းထဲမှာ မီးသတ်ကားပေါ်ကနေ မီးပုံးပျံလွှတ်တာကို အတိုင်းသား ခံစားလို့ရတာရယ်ကြောင့် သွားကြတာပေါ့လေ။ တည မီးပုံးပျံကွင်းတာဝန်အလှည့်အပြီး ကွပ်ကဲရုံးဘေးက ကြက်ခြေနီရုံးမှာ ပြန်ပြီး သတင်းပို့ပြီး မီးပုံးပျံကွင်းဘက်ကို ထွက်ငမ်းတာပေါ့။ ဘုရားအဆင်းလမ်းဘက်မှာဆိုတော့ လမ်းဘေး အရံအတား အုတ်တိုင်ကြီးပေါ်တက်ပြီး ငမ်းတာပေါ့။ အဲ့ကနေဆို မီးချောင်း နီပြာတွေနဲ့ အလှဆင်ထားတဲ့ ရဟတ်ကြီးကိုလဲ ကောင်းကောင်းမြင်ရတာပေါ့။ မီးပုံးပျံ မှိုင်းထောင်နေတုန်းမှာပဲ ချားရဟတ်က မီးတွေ ရုတ်တရက် ပျက်သွားတာ မြင်လိုက်ရတယ်။ မျက်စိရှေ့မှာပဲ ချားရဟတ်ကြီးက စောင်းလာပြီး ဝုန်းဆို လဲသွားတာ မြင်လိုက်ရတယ်။ အဲ့တုန်းက ကျွန်တော်က ရှိမှ အသက် ၁၆ ၁၇ ဆိုတော့ ရုတ်တရက် ဘာလုပ်ရမှန်းမသိပဲ ကျုံးအော်တာပေါ့။ ရဟတ်ကြီးလဲသွားပြီဆိုပြီး။ ပွဲဈေးတန်းဘက်က လူတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးလာပြီး ကူကြပါဦး ရဟတ်လဲပြီး လူတွေ ပိမိနေတယ်ဆိုတော့ ကျွန်တော်တို့လဲ ရဟတ်ဆီပြေးတာပေါ့။
ရဟတ်နားရောက်တော့ ဇွန်ဘီကားကျနေတာပဲ။ ရဟတ်ကို ဝိုင်းမကြတော့ အောက်က ပိနေတဲ့သူတွေ တစ်ချို့ မျက်နှာမှာ သွေးတွေ ရဲနေပြီး သွေးအလူးလူး ဖုန်အလူးလူးနဲ့ လက်ကြီးတွေ ဆန့်ပြီး ရင်ခေါင်းထဲက အသံတွေနဲ့ အားအူး ဆိုပြီး ထလာကြတာ။ နီးစပ်ရာလူတွေကို ကျွန်တော်နဲ့အတူ ပါလာတဲ့ တပ်ဖွဲ့ဝင် စီနီယာကြီးတွေက တွဲကူပြီး ကြက်ခြေနီရုံးဘက်ကို သယ်သွား ခေါ်သွားကြတာပေါ့။ ကျွန်တော်လဲ ရဟတ်နားကနေ အခွာ ခြေထောက်အောက်မှာ ခပ်ပျော့ပျော့တစ်ခုကို နင်းမိတော့ လန့်ပြီး ငုံ့ကြည့်လိုက်တော့ အသက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦး မြောင်းထဲမှာ မှောက်ရက်လေး လဲနေတာ မြင်လိုက်ရတယ်။ တစ်ယောက်ထဲမနိုင်တော့ ဝိုင်းကူပါဦးအော်ပြီး ကျွန်တော်က ရှေ့ကနေလမ်းရှင်း သူတို့ကနောက်ကနေ အဲ့အမျိုးသမီးကြီးကို သယ်ပြီး ပြေးလိုက်တာပေါ့။ ဖြစ်ချင်တော့ လူနာတင်ကားတွေ ကုန်နေတော့ ပွိုင့်ပြေးတဲ့ကားပေါ်တင်ပြီး ပို့မယ့်သူကလဲ ကျွန်တော်ပဲကျန်တော့ ကားပေါ်လိုက်ပြီး စဝ်စံထွန်း ဆေးရုံထိလိုက်ပို့လိုက်တယ်။ ကားပေါ်မှာက တစ်ကိုယ်လုံး သွေးတွေရွှဲနေတဲ့ ကလေးမလေးတစ်ယောက်ပါပါတယ်။ ကားတစ်စီးလုံး သွေးညှီနံ့တွေ လွှမ်းလို့ပေါ့။ အဲ့ဒီအထိ ဘာမှမဖြစ်သေးဘူး။
ဆေးရုံလိုက်ပို့ပြီး ပြန်လာပြီး ဂျူတီဝင်တာပေါ့။ မနက် နှစ်နာရီခွဲလောက်ကျ သတင်းဝင်လာတယ်။ တစ်ယောက်ဆုံးသွားပြီတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် မတော်တဆ နင်းမိလိုက်တဲ့ အဖွားအိုကို မျက်စိထဲ မြင်မိတယ်။ ဘယ်အရွယ်လဲ မေးလိုက်တော့ အဖွားကြီးတဲ့။ ဟာသွားရှာပြီပေါ့။ အဲ့တုန်းက ကျွန်တော် ဝတ်ထားတာက လယ်သာအိင်္ကျီ။ သွေးညှီနံ့တွေကို ရနေတုန်းပဲ။
မနက် လေးနာရီကျော်တော့ ပွဲပြီးတော့ အိမ်ကို ပြန်လိုက်ပို့ကြတယ်။ လူနာတင်ကားနဲ့ ပြန်တာပေါ့။ မင်းလမ်းအတိုင်းပဲ ပြန်ပို့ပေးနိုင်တယ်ဆိုတော့ နန်းဓာတ်ပုံတိုက်နားမှာ ကားကို ရပ်ပေးတယ်။ ဇာတ်လမ်းက အဲ့မှာစတာ။ လူနာတင်ယာဉ်ပေါ်ကနေလဲ ဆင်းလိုက်ရော နောက်ကနေပြီး တစ်ယောက်ယောက် လိုက်ဆင်းလာတယ်လို့ ခံစားလိုက်ရတယ်။ မျက်စိထဲမှာကလဲ အဲ့အမေအိုကြီးကို မြင်ယောင်မိတယ်။ မြင်ယောင်တယ်ဆိုတာထက် သူလို့ တန်းသိသွားတာမျိုး။ ပြီးတော့ ကားရပ်ပေးတဲ့နေရာမှာက ကားရေဆေးဆီလိုက်ဝင်းရှိတယ်။ ခွေးတွေ အရမ်းဆိုးတာ၊ ငါးကောင်လောက်ရှိမယ်။ ပုံမှန်ဆိုရင် လုံးနေအောင်ပြေးရမှာ။ အခုတော့ ခွေးတွေကလဲ ကျွန်တော့်ကိုထက် နောက်ကို ကျော်ကြည့်ပြီး အမြီးကုတ်ပြီး မာန်ပဲဖီနေကြတာ။ ဟောင်တောင် မဟောင်ဘူး။
ငါတော့သွားပြီလို့ သိလိုက်ပြီး ခေါင်းတွေ ကြီးလာရော။ ခပ်သုတ်သုတ် လျှောက်ပြီလေ ကြောက်တော့။ အဲ့မှာ လမ်းညာဘက် အိမ်ခေါင်မိုးတွေပေါ်ကနေ ခြေသံ စကြားရတယ်။ ကျွန်တော် လျှောက်နေတဲ့ ခြေလှမ်းအတိုင်းပဲ လိုက်လှမ်းနေတာ။ ခေါင်မိုးက နှစ်အိမ်သုံးအိမ်ဆို ကုန်ပြီ။ ကျန်တာက အတွင်းဘက် ဝေးဝေးမှာ။ သို့သော်လဲ လမ်းဘေးမှာက ငုပင်တွေ တခြားအပင်တွေ အစီအရီရှိတော့ စိတ်ထဲမှာ ခေါင်မိုးကုန်ရင် အပင်ပေါ်လျှောက်မယ်ထင်တယ်လို့ တွေးမိလာတယ်။ အတွေးမဆုံးသေးဘူး မျက်စိထောင့်ကနေ အကိုင်းတွေ လှုပ်လာတာ တွေ့လိုက်ရတဲ့အပြင် ခြေသံလို အကိုင်းတွေ လှုပ်ကုန်တဲ့အသံ ရှဲရှဲ ရှဲရှဲကိုပါ ကြားရရော။ အိမ်ရောက်ဖို့က မန်းလေး နှစ်ပြလောက်လိုသေးတာ။ ခြေကုန်သုတ်တာပေါ့။ သစ်ပင်ရှိရင် သစ်ပင်အပေါ်ကနေ ခြေသံလိုက်ပေးပြီး၊ ကျောင်းတို့ အိမ်တို့ရှိရင် အမိုးပေါ်ကနေ ခြေသံလိုက်ပေးပြီး ဘေးကနေ ထပ်ချပ်မကွာ လိုက်လာရော။
ဖြစ်ချင်တော့ ကျွန်တော်နေတဲ့ လမ်းကလဲ နာမည်ကြီး။ ထင်းရှူးပင်တွေရှိပြီး တခါတခါ ထင်းရှူးပင်ပေါ်က အဖြူရောင်ကြီး ဇောက်ထိုးဆင်းလာတာ မြင်ရတယ်ဘာညာနဲ့ သတင်းကြီးတဲ့လမ်း။ အဲ့အဖြူရောင်ကိုတောင် သတိမရအားဘူး။ အိမ်ရောက်ဖို့ပဲ စိတ်က ထက်သန်နေတော့တာ။ ဖြစ်ချင်တော့ ကျွန်တော်တို့အိမ်ကို ရောက်ဖို့ လှေကား နှစ်ဆယ့်သုံးထစ်တက်ရတယ်။ လှေကားရင်းမှာ အုပ်မှိုးနေတဲ့ ထင်းရှူးကိုင်းကြီးတွေ။ အဲ့ထဲက လှေကားတည့်တည့်ကို မိုးနေတာက လူကြီး လက်မောင်းလုံးလောက်ရှိတဲ့ အကိုင်းရှည်ကြီး။
အဲ့နားလဲရောက်ရော အဲ့ဒီ အမေအိုကြီးသာ ဒီအကိုင်းပေါ်တက်ရင် အကိုင်းက ဝိတ်ခံနိုင်မှာမဟုတ်ပဲ ကျိုးကျ... အတွေးကတောင် မဆုံးလိုက်သေးဘူး ဖျောင်းဆိုပြီး အကိုင်းကြီး ကျိုးကျလာတယ်။ အကိုင်းက အစိမ်းဆိုတော့ ထင်းရှူးနံ့တွေက နံနက်ခင်း လေထဲမှာ စူးကနဲပဲ။ ထင်းရှူးနံ့ကို အရသာ ရှူနေဖို့ အချိန်မရှိတော့ဘူး။ ထင်းရှူးကိုင်းလဲ ကျိုးကျလာရော လူက သွားပြီဆိုတဲ့အသိနဲ့ ဒူးတွေချောင်ပြီး ကောင်းကောင်းတောင် မရပ်နိုင်တော့ဘူး။ အိမ်ကို တက်တဲ့ လှေကား နှစ်ဆယ့်သုံးထစ်ကို စပိုက်ဒါမန်းလို ခြေကောလက်ကော အသုံးပြုပြီး တက်ပစ်တာ။ အဲ့မှာနေခဲ့တဲ့ သက်တမ်းတစ်လျှောက် အမြန်ဆုံးအရှိန်နဲ့ အပေါ်ရောက်သွားတယ်။ အိမ်နားရောက်တော့ တံခါးကို တဒုန်းဒုန်းထုပြီး အော်တာ "အမေ အမေ တံခါးဖွင့်ပေး" ဆိုပြီး။ အမေလဲ တံခါးဖွင့်ပေးရော အိပ်ရာဆီပြေးပြီး ဒိုင်ဗင်ထိုး၊ ခေါင်းမြီးခြုံပြီး မျက်လုံးအသားကုန်မှိတ်ထားလိုက်တာ ဘယ်အချိန် အိပ်ပျော်သွားမှန်းမသိ။ မနက်လင်းကျတော့ မနက်စာ ထစားခိုင်းတော့မှ အမေက မေးတာ။ နင်ဘာဖြစ်လာတာလဲဆိုတော့မှ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြရတယ်။ အဖေက မနက်တိုင်း အောက်ဆင်းပြီး လမ်းမရောက်တဲ့အထိ တံမျက်စည်း လှည်းနေကျဆိုတော့ အဖေကအတည်ပြုပေးတယ်။ မနက်သူဆင်းသွားတော့ ထင်းရှူးကိုင်းကြီး ကျိုးကျနေတာ မြင်တယ်တဲ့။ လတ်လတ်ဆတ်ဆတ်ပဲတဲ့။
ကြီးကောင်ကြီးမားနဲ့ အမေတို့ကြားထဲ တစ်ပတ်လောက် သွားအိပ်လိုက်ရတယ်။ သွေးညှီနံ့ကြီးက နှာခေါင်းထဲစွဲနေတာ တစ်လလောက်ထိပဲ။ ဒါက ကိုယ်တွေ့ကြုံဖူးတာတွေထဲက တစ်ခုပါဗျာ။ နောက်ကြုံဖူးတာတွေ အလျင်းသင့်သလို မျှဝေပါဦးမယ်။ အခုပြန်တွေးရင် ကြက်သီးထတုန်းပဲ။ ရေအေးကွင်းရဲ့ ခွေးဆိုးကြီးတွေ တစ်ကောင်မှ ထွက်မလာရဲတာက အဲ့ဒီမနက်ရဲ့ အသက်။ အိမ်ပဲ အန္တရာယ်ကင်းအောင် လိုက်ပို့တာလား နင်းမိထားလို့ပဲ လိုက်လာတာလား အခုထိ ဝေခွဲမရ။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now