နိဒါန်း

24.3K 758 32
                                    

[Unicode]

ချီ မင်းဆက်၊ ချီကျန်း ၂၁နှစ်မြောက်၊ ဆီးနှင်းကျချိန်*

(*၁၈ကြိမ်မြောက် နေစက်ဝန်း၊ ဆောင်းဦးရာသီ၏ နောက်ဆုံးနေစက်ဝန်း၊ ယခင်အချိန်ထက် ပိုအေးပြီး ဆီးနှင်းများ စကျလာချိန်)

မြင်းစီးသမားအဖွဲ့ တစ်ဖွဲ့သည် ပြည်သူပိုင်လမ်းမထက်တွင် ကြမ်းတမ်းစွာ ခရီးနှင်နေကြသည်။ မြင်းရော လူပါ ပင်ပန်းနွမ်းနယ်နေကြ၏။ ရုတ်တရက် ရှေ့ဆုံးမှ ဦးဆောင်ခရီးနှင်နေသော မြင်းစီးသမားလူငယ်က အော်ပြောလိုက်သည်။

"နယ်စပ် မှတ်တိုင်က ဒီနေရာပဲ"

မလှမ်းမကမ်းမှ လမ်းဘေးတစ်ဖက်တွင် ဒေါင်လိုက်ထောင်ထားသော ကျောက်တိုင်တစ်တိုင်ရှိသည်။ ထိုကျောက်တိုင်သည် ၃မီတာကျော်ကျော်မြင့်ပြီး မကောင်းသောနိမိတ်နှင့် ခြိမ်းခြောက်ဟန်ရှိသော လှပထည်ဝါသည့် သွေးစွန်းစာလုံးများကို ရေးသားထားလေသည်--- "ချီယွမ်...အသက်ရှိသူမှန်သမျှ ဤနေရာကို ကျော်လွန်၍ မသွားရ။
ကျူးကျော်ဝင်ရောက်သူ မည်သူကိုမဆို အရိုးများ စိစိညှက်ညှက်ချေပစ်မည်ဖြစ်ပြီး ပြာဖြစ်သွားစေရမည်။"

ကျောက်တိုင်ရှေ့တွင် သက်လတ်ပိုင်း စစ်သူကြီးတစ်ဦးနှင့် ဆူးချွန်အပြည့်ပါ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော အစောင့်တပ်ဖွဲ့သည် သူတို့ကို နှုတ်ဆက်ကြသည်။ အစောင့်တပ်သားများအားလုံးသည် ညီညာစွာ စီတန်းနေကြပြီးရောက်လာသူကို မြင်သောအခါ တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြ၏။

"အိမ်ရှေ့စံမင်းသား"

"ရှူး..."

လူငယ်မြင်းစီးသမားလေးသည် မြင်းပေါ်မှ ခုန်ဆင်းလာသည်။ သို့သော် အလျင်စလို ဆင်းလိုက်မိသည့်အတွက် ဟန်ချက်ပျက်သွားသဖြင့် စစ်သူကြီးမှ အလျင်အမြန် ထိန်းပေးလိုက်ရ၏။

"အရှင့်သား ဂရုစိုက်ပါ "

"ဘာမှမဖြစ်ဘူး"

လူငယ်လေးက လက်ကာပြပြီး မေးလိုက်သည်။

"ဦးရီးတော်...ဖခမည်းတော် ဘယ်မှာလဲ"

စကားမဆုံးခင်မှာပင် အနီးနားမှ သူ၏ ငယ်နာမည်ကို ခေါ်လိုက်သံကို ကြားလိုက်ရသည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now