Chapter-11

603 97 5
                                    


ရှန့်ချန်ခုန်းသည် သူ့စကူတာကိုရဲစခန်းသို့ယူဆောင်လာခဲ့၏။ သူတို့နှစ်ယောက် စကူတာအနားရောက်ချိန်တွင် သူလှည့်၍ ရွှီလျန်အားစကားဆိုလိုက်သည်။

"ဒါဆို ကျွန်တော် အရင်သွားနှင့်တော့မယ်နော်"

သူထွက်သွားတော့မည်ကို ရွှီလျန်မြင်သောအခါ သူမသည် လက်လှမ်း၍ နောက်ထိုင်ခုံပေါ်ကအနွေးသေတ္တာဘုံးကိုလှမ်းဆွဲလိုက်လေ၏။

နောက်လှည့်ကြည့်ရင်း ရှန့်ချန်ခုန်း သူမအားပဟေဠိဆန်ဆန်ကြည့်လျက်

"တခြားတစ်ခုခုများရှိသေးလို့လား"

ထိုအခိုက်အတန့်၌ ရွှီလျန်သည် ရှန့်ချန်ခုန်းနှင့်ပတ်သတ်၍ ကျန်းကော်အာ၏ဖော်ပြချက်က အလွန်မှန်ကန်ကြောင်းဝန်ခံရပေမည်။ သူ့မျက်လုံးတွေဟာ လွမ်းဆွေးဖွယ်ကောင်းပြီး ကြယ်များဖြင့်တလက်လက်တောက်ပနေသော ကျယ်ပြောလှသည့်ကောင်းကင်ကြီးကဲ့သို့နက်ရှိုင်းလှ၏။ သူ့အကြည့်တွေကြောင့် ခံစားချက်တွေတိမ်းညွှတ်လာရင်း သူမကထပ်ပြော၏။

"ကျွန်မကတော့ ရှင်ဆေးရုံသွားပြီးစစ်ဆေးသင့်တယ်လို့ ထင်နေတုန်းပဲ"

သူမ သူ့ကိုအဘယ်ကြောင့်မပြီးနိုင်မဆုံးနိုင်အပူကပ်နေမိမှန်းလဲ သူမလည်းမသိတော့ ၊ သူမကိုယ်တိုင်၌လည်း စိတ်တိုလာရသည်။ ရှန့်ချန်ခုန်းကတော့ သူအဆင်ပြေပါတယ်..သူ့မှာလုပ်စရာအလုပ်ရှိနေလို့ပါဟူ၍သာဆို၏။

ခဏကြာပြီးနောက် သူက ရိုးရိုးရှင်းရှင်း'ဂွတ်ဘိုင်'ဟုနှုတ်ဆက်ကာထွက်သွားတော့လေသည်။

ရွှီလျန်သည် ပြန်လှည့်၍ သူမဆိုင်ကိုပြန်ရန် တက္ကစီမတားခင် လှည့်ထွက်သွားသောသူ၏နောက်ကျောပြင်ကို အတန်ကြာစိုက်ကြည့်နေခဲ့သည်။

ဆိုင်ကအနည်းငယ်သာရှုပ်ပွနေခဲ့ခြင်း ၊ ကြမ်းပြင်ပေါ်ကျနေသည့်ဖယောင်းတိုင်အနည်းငယ်မှလွဲ၍ သူမ၏တခြားဘယ်ပစ္စည်းကမှ မပျက်စီးခဲ့ပေ ၊ အဆုံးမှာတော့ သန့်ရှင်းရေးလုပ်ရန်အခက်ခဲဆုံးအရှုပ်ထုပ်ကတော့ သူမကိုယ်တိုင်ဖျက်စီးလိုက်သည့်ပန်းအိုးအကွဲပဲ။

ဖန်နှင့်ကြွေထည်အပိုင်းအစတွေကတော့ သန့်ရှင်းဖို့အချိန်အကြာကြီးယူရမှာမဟုတ်...သို့သော် အိုးထဲကမြေကြီးကတော့ ပျံ့ကြဲနေလျက် နေရာတိုင်းပေပွလျက်ရှိနေခဲ့သည်။ ရွှီလျန်သည် ပထမထပ်တစ်ခုလုံး စေ့စေ့စပ်စပ် သန့်ရှင်းရမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်သော်ငြားလည်း သူမအလွန်ပျင်းရိနေ၏။ ထို့အပြင် ဒီပန်းအိုးက သူမအကြိုက်ဆုံးAnthurium(ပိန်းပန်း)အိုးပဲ...

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now